Saturday, September 5, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြု

 

နေပြည်တော် စက်တင်ဘာ ၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့၌ လွမ်းသူပန်းခွေချအလေးပြုသည်။









အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်သို့ ရောက်ရှိကြရာ ဗိမာန်စီမံ ခန့်ခွဲရေးဘုတ်အဖွဲ့ဒါရိုက်တာနှင့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် လွမ်းသူ့ပန်းခွေချမည့်နေရာ၌ နေရာယူကြသည်။

ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော်သားနှစ်ဦးက လွမ်းသူ့ပန်းခွေအား သယ်ဆောင်နေရာချထားပေးပြီး စစ်တီးဝိုင်းအဖွဲ့၏ အာဇာနည်များအတွက် ဂါရဝပြု တီးမှုတ်မှုနှင့်အတူ နိုင်ငံတော်သမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဗိမာန်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ ဒါရိုက်တာနှင့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဟိုချီမင်းဂူဗိမာန်သို့ ဆက်လက်ထွက်ခွာကြပြီး ဟိုချီမင်းဂူဗိမာန်သို့ ရောက်ရှိကြရာ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဗိမာန်စီမံခန့်ခွဲရေး ဘုတ်အဖွဲ့အကြီးအကဲနှင့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြကာ ဗိမာန်သို့ လိုက်ပါပို့ဆောင်ပေးကြသည်။

ဆက်လက်၍ ဗီယက်နမ်ပြည်သူ့တပ်မတော်သားနှစ်ဦးက လွမ်းသူ့ပန်းခွေအား သယ်ဆောင်နေရာချထားပေးပြီး စစ်တီးဝိုင်းအဖွဲ့၏ ကွယ်လွန်သူသမ္မတကြီး ဟိုချီမင်းအတွက် ဂါရဝပြု တီးမှုတ်မှုနှင့်အတူ နိုင်ငံတော်သမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူတကွ အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဟိုချီမင်းဂူဗိမာန်အတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာရာ ဗိမာန်စီမံခန့်ခွဲရေးဘုတ် အဖွဲ့အကြီးအကဲနှင့် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက ရင်းနှီးနွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment