နေပြည်တော် စက်တင်ဘာ ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
ဂုဏ်ပြုကြိုဆို
ဦးစွာ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့
ရောက်ရှိလာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့က လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုပြီး ဗီယက်နမ် ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်း၍ ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည်
အလေးပြုခံစင်မြင့်ထက်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့်
တီးမှုတ်ဂုဏ်ပြု အလေးပြုခြင်းကိုခံယူကြကာ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီးတို့သည်
တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး
နိုင်ငံတော်သမ္မတနှစ်ဦးအား ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြုထွက်ခွာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီးတို့သည်
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်ခန်းမအတွင်းသို့
ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည်
နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ်
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်
ကျင်းပပြုလုပ်ခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင်
တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ သမ္မတကြီးနှင့် ပြန်လည်တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့်
မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်
ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံတွင်
အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရသစ်တစ်ရပ်
ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အဆွေတော်သမ္မတကြီး၏
ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရနှင့် ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘဝအခြေအနေများ
ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အုပ်ချုပ်ရေးယန္တရားခိုင်မာစေရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း
ဆက်ဆံမှုများ တိုးမြှင့်ခိုင်မာလာစေရေးတို့တွင် အရေးပါသော အကျိုးရလဒ်များ ရရှိလာခဲ့မှုအပေါ်တွင်လည်း
ဂုဏ်ယူပါကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များနှင့်
ပြည်သူများ အဆက်ဆက်ပျိုးထောင်ခဲ့ကြသည့် ချစ်ကြည်ရင်းနှီးမှုများနှင့် ကောင်းမွန်သည့်
သမိုင်းဝင်ဆက်ဆံရေးများ ရှိကြပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်၌ နှစ်နိုင်ငံ ဘက်စုံပူးပေါင်း
ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (Comprehensive Cooperative Partnership) ကိုလည်း ထူထောင်နိုင်ခဲ့ပါကြောင်း၊
အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း အိမ်နီးချင်းများအဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်များအဖြစ်လည်းကောင်း
တူညီသောအချက်များရှိကြသည့်အပြင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် သမိုင်းကြောင်းဆိုင်ရာများ
အထူးသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တူညီမှုများစွာ ရှိကြသဖြင့် အလွန်ရင်းနှီးကျွမ်းဝင်ကြပါကြောင်း။
မြန်မာနိုင်ငံ
ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၄ ခုနှစ်တွင် ဗီယက်နမ်သို့ လာရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ
ဥက္ကဋ္ဌ ဟိုချီမင်းသည် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်ကာ
နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါကြောင်း၊ အဆွေတော်သမ္မတကြီး၏
ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို
ပိုမိုခိုင်မာစေမည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ရှေ့လာမည့်ကာလများအတွင်း ဗီယက်နမ်-မြန်မာ
ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာပြီး ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့ကျသော
အကျိုးရလဒ်များစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း ဦးစွာ နှုတ်ခွန်းဆက် ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက
ပြန်လည်ပြောကြားရာတွင် အဆွေတော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတကြီးနှင့် ယခုကဲ့သို့
ထပ်မံတွေ့ဆုံရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုများနှင့် နွေးထွေးစွာ ဧည့်ဝတ်ပြုမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊
အဆွေတော်အနေဖြင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတအဖြစ်
တာဝန်ယူဆောင်ရွက်နေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ယခင် ရုရှားနိုင်ငံ၊
မော်စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀)
ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အဆွေတော်နှင့် တွေ့ဆုံခဲ့သည်ကို အမှတ်ရမိပါကြောင်းနှင့်
စက်တင်ဘာလ (၂) ရက်နေ့တွင် ကျရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ (၈၁) နှစ်မြောက် အမျိုးသားနေ့
အခါသမယအတွက်လည်း အဆွေတော်နှင့် ဗီယက်နမ်ပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို
ပြောကြားလိုပါကြောင်း၊ ဗီယက်နမ်ပြည်သူများ၏ လွတ်လပ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက်
ကြိုးပမ်းခဲ့မှု၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း
မိမိအနေဖြင့် အထူးလေးစားကြောင်းကို ပြောလိုပါကြောင်း။
မိမိအနေဖြင့် ဗီယက်နမ်ကို (၃) ကြိမ် လာရောက်ခဲ့ပြီး ယခုအကြိမ်သည် (၄) ကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ကာ မိမိနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါကြောင်း၊ ဗီယက်နမ်သို့ လာရောက်သည့်အခါတိုင်း ဗီယက်နမ်နိုင်ငံ၏ သာယာလှပမှုနှင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုတို့ကို တွေ့မြင်ခံစားမိပါကြောင်း။
နှစ်နိုင်ငံအကြား
သံတမန်ဆက်ဆံမှုသက်တမ်းအနေဖြင့် နှစ် (၅၀) ပြည့် ရွှေရတုတိုင်ခဲ့ပြီးဖြစ်ကာ ထိုကဲ့သို့
ရှည်လျားသည့် သံတမန်ဆက်ဆံရေးကာလအတွင်း နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ
ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရှိရပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏
အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနှင့် မိမိတို့နိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း ဦးနု၊
နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်း စသည့်ခေါင်းဆောင်များ လက်ထက်ကတည်းက ညီရင်းအစ်ကိုပမာ
ရင်းနှီးချစ်ကြည်မှုရှိသည့် မိတ်ဆွေကောင်းများဖြစ်ကြကြောင်း၊ သမ္မတကြီး ဟိုချီမင်း၏
ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း
ရန်ကုန်တက္ကသိုလ်က သမ္မတ ဟိုချီမင်းကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်နိုင်ခဲ့ကြောင်း။
၂၀၁၇ ခုနှစ်တွင်
တည်ထောင်ခဲ့သည့် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး
(Comprehensive Cooperative Partnership) သည် ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး
၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို အမှတ်ရစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားခိုင်မာသည့်အဆင့်ကို
တိုးမြှင့်နိုင်ရေးနှင့် လာမည့်ဆယ်စုနှစ်အတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ရေး
အစီအစဉ်တစ်ရပ် ချမှတ်နိုင်ရေးအတွက်လည်း အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံသည်
လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ တူညီကြပြီး အခက်အခဲများစွာကို ကြုံတွေ့ကျော်ဖြတ်ခဲ့ရသည်ကို
မိမိအနေဖြင့် ကောင်းစွာ နားလည်သဘောပေါက်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့်
အရေးယူပိတ်ဆို့ ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်ကြားမှ ယခုကဲ့သို့
ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတော်တစ်ခုကို တည်ဆောက်နိုင်ခဲ့မှုအပေါ်
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်အဆက်ဆက်ကို လေးစားဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း၊
တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်အတူ
ကောင်းမွန်သော ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ
ပါဝင်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့်
အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီ အချင်းချင်းနှင့် ပြည်သူအချင်းချင်း
ဆက်ဆံရေးများ တိုးမြှင့်သွားလိုပါကြောင်း၊ မကြာမီက အမျိုးသားလွှတ်တော်တွင် မြန်မာ-ဗီယက်နမ်
လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကာ
ထိုကဲ့သို့ ချစ်ကြည်ရင်းနှီးရေးအသင်းများအကြား ဆက်သွယ်မှုနှင့် အပြန်အလှန်လေ့လာရေးခရီးစဉ်များ
မြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ၏ သဘောထား၊ လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို
ပိုမိုနားလည်နိုင်မယ်ဟု ယုံကြည်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသာမက လူငယ်နှင့်
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်နိုင်ရေးကိုလည်း
အားပေးလိုကြောင်း။
လက်ရှိအချိန်တွင်
မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့်
လွှတ်တော်နှင့် အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံ
ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအတွေ့အကြုံများအရ နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊
မိမိတို့နိုင်ငံသည် တစ်ချိန်က ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင်
ပြည်သူတို့တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊
မိမိအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်
ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဗီယက်နမ်နိုင်ငံသည်
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက်
မိမိတို့အနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပါအဝင်
အဆွေတော်တို့နှင့် ဘက်ပေါင်းစုံမှ အပြန်အလှန် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း၊
မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှတို့ကို ပေါင်းကူးဆက်သွယ်ပေးနိုင်သည့်
အရေးပါသည့် ပထဝီအနေအထားတွင် တည်ရှိကြောင်း၊ အာရှအဝေးပြေး လမ်းမကြီးကွန်ရက်နှင့် အရှေ့-အနောက်
စီးပွားရေးစင်္ကြံတို့ကို ထိရောက်စွာ အသုံးချပြီး တည်ငြိမ်လုံခြုံသည့် ဆက်သွယ်ချိတ်ဆက်မှု
ပိုမိုအားကောင်းလာစေရေး ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊
အထူးသဖြင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေး
လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် သုံးနိုင်ငံအကြား
လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ မြန်မာ-လာအို-ဗီယက်နမ်၊
မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် စသည့်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပြီး
မြန်မာနိုင်ငံနှင့် ချိတ်ဆက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်သွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်
အကျိုးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး
စီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါလမ်းနှင့် ချိတ်ဆက်၍ ဗီယက်နမ်နိုင်ငံမှ
လာအိုနှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယအပါအဝင် တောင်အာရှနှင့် အနောက်ဘက်ဈေးကွက်များသို့
ဝင်ရောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လာအိုနှင့် ဗီယက်နမ်မှတစ်ဆင့် အရှေ့အာရှ
ဈေးကွက်များသို့ လွယ်ကူစွာ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ
ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
BIMSTEC ၊ GMS ၊ CLMV ၊ ACMECS စသည့်ဒေသတွင်း အဖွဲ့အစည်းများတွင် တန်းတူကိုယ်စားပြုမှုနှင့်
အပြည့်အဝ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား
အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများသည်လည်း
အဆင့်သစ်တစ်ရပ်သို့ တိုးတက်ရောက်ရှိလာမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံသမ္မတက
ယခုကဲ့သို့ သမ္မတကြီးအနေဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့်
ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအပြင် နှစ်နိုင်ငံနှင့် ဒေသတွင်း အကျိုးစီးပွားအတွက်
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပေးခဲ့သည့်အတွက် အဆွေတော် သမ္မတကြီး၏ အမြော်အမြင်ကြီးမားမှုကို
တွေ့မြင်သိရှိရပါကြောင်း၊ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက် စီးပွားရေးစင်္ကြံ
ပိုမိုအားကောင်းလာစေရေးနှင့် အိန္ဒိယ-မြန်မာ-လာအို-ဗီယက်နမ် လမ်းကြောင်းတို့နှင့်ပတ်သက်၍
ဗီယက်နမ်နိုင်ငံအနေဖြင့် လေ့လာဆန်းစစ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ဗီယက်နမ်နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက်
နှစ်ပေါင်း ၄၀ အတွင်း ယခုကဲ့သို့ အောင်မြင်မှုများကို ရရှိခံစားနေရခြင်းဖြစ်ပါကြောင်း၊
ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်စုံခိုင်မာပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု
ကဏ္ဍသစ်တစ်ရပ်ကို တက်လှမ်းနိုင်ရန် အသင့်ရှိနေပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ
ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်နိုင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်
နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့်
ခရီးသွားလာရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများဖြင့်
ထောက်ခံရပ်တည်သွားနိုင်ရေး စသည့်နယ်ပယ်ပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို
မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်
ဗီယက်နမ်နိုင်ငံသို့ ခရီးစဉ်လာရောက်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဆွေးနွေးမှုရလဒ်ကောင်းများအရ
ဗီယက်နမ်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ဆက်လက်ပြီး လက်တွေ့ကျကျ
ဖွံ့ဖြိုးတိုးတက်လာမည်ဟု လေးလေးနက်နက် ယုံကြည်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင်
မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုများ
အမြန်ဆုံးရရှိနိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာများ၊
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့်
မွေးမြူရေးဆိုင်ရာများ၊ စက်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနှင့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများ၊
လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုဆိုင်ရာများ၊
ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆက်သွယ်မှုဆိုင်ရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု
တိုက်ဖျက်ရေးဆိုင်ရာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊
ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်
အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။







No comments:
Post a Comment