Saturday, September 5, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။






ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဆွေတော် သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာဆက်ဆံရေးအပါအဝင် ကဏ္ဍစုံ၌ အပြုသဘောဆောင်သော ရလဒ်ကောင်းများ ဖော်ဆောင်လာနိုင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံမှကြိုးပမ်းနေမှုများအပေါ် များစွာဂုဏ်ယူပါကြောင်း၊ အဆွေတော် သမ္မတကြီး၏ ယခုခရီးစဉ်သည် ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် မောင်းနှင်အား အသစ်တစ်ရပ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်များကို လေးစားတန်ဖိုးထားပါကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူဆောင်ရွက်နိုင်ပါကြောင်း၊ ဗီယက်နမ်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ ဥပဒေပြုရေးတွင် အရေးပါသည့် မဏ္ဍိုင်တစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ အဆွေတော်နှင့် တွေ့ဆုံရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်းနှင့် အဆွေတော်အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် မိမိ၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ် စေလွှတ်တက်ရောက်ခဲ့သည့်အတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ယခု တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် မိမိတို့နှစ်နိုင်ငံ ဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့် လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အစိုးရအချင်းချင်း၊ တပ်မတော်အချင်းချင်း၊ ပါတီအချင်းချင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးသာမက ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံလုံးနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် နိုင်ငံတကာနှင့် အာဆီယံမျက်နှာစာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း။

ဗီယက်နမ်-မြန်မာ အချင်းချင်း အပြန်အလှန်ထားရှိသည့် ယုံကြည်မှုနှင့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများအကြား နီးကပ်သည့် ဆက်သွယ်မှုများကြောင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင်လည်း ပိုမိုတိုးတက်ခိုင်မာလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နှင့် လွှတ်တော်ချင်းဆက်ဆံရေးကို နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးသည့် နိုင်ငံရေးအခြေခံမဏ္ဍိုင် တစ်ခုဖြစ်သည်ဟုယုံကြည်ပြီး ပါတီအချင်းချင်း၊ လွှတ်တော်အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံရေး ပိုမိုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌများအကြား အပြန်အလှန် ခရီးစဉ်များ အကောင်အထည်ဖော်ရေးကိုလည်းအားပေးလိုကြောင်း။

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြောက်သည့် အစိုးရသစ် ပေါ်ပေါက်လာပြီဖြစ်ပြီး လွှတ်တော်များလည်း ပြန်လည်စတင်နေပြီဖြစ်သည့်အတွက် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်၏ ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးစေလိုကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ခရီးလမ်းခိုင်မာစေရေးအတွက် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဖော်ဆောင်လျက်ရှိရာ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးကူညီပေးစေလိုကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ မျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် လွှတ်တော်နှစ်ရပ်အကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ကျကျ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကိုလည်း ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် လွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာရာ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment