Saturday, September 12, 2026

တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကို ရှောင်ကြဉ်ကြပါစို့

 

နိုင်ငံ့သားကောင်း

ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော လူ့အဖွဲ့အစည်းတစ်ခုတွင် လျှပ်စစ်ဓာတ်အားသည် နိုင်ငံတည်ဆောက်ရေး၊ စက်မှုလုပ်ငန်းများ လည်ပတ်ရေးနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝသက်သာချောင်ချိရေးအတွက် မရှိမဖြစ် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။

သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်း၌ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရချိန်၌ တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု ပြဿနာမှာလည်း တစ်စတစ်စကြီးထွားလာလျက်ရှိပါသည်။ ဤကဲ့သို့ တရားမဝင် ဓာတ်အားသုံးစွဲမှုများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့် စီးပွားရေးကို ထိခိုက်စေရုံသာမက လျှပ်စစ်မီးမမှန်ခြင်း၊ မီးဘေးအန္တရာယ်ကျရောက်ခြင်းကဲ့သို့သော ဆိုးကျိုးများကိုပါ မိမိတို့၏ အသိုင်းအဝိုင်းအတွင်းသို့ သယ်ဆောင်လာတတ်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် ကြုံတွေ့နေရသော ဤပြဿနာဆိုးကို ပြည်သူတစ်ရပ်လုံးက တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းတားဆီးကာကွယ်ကြရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါသည်။

တရားမဝင် ဓာတ်အားခိုးယူသုံးစွဲရခြင်း (Ele- ctricity Theft) ဆိုသည်မှာ သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ တရားဝင်ခွင့်ပြုချက် သို့မဟုတ် စာရင်းသွင်းမီတာတပ်ဆင်ထားခြင်းမရှိဘဲ လျှပ်စစ်မီးလိုင်းများမှ တိုက်ရိုက်ချိတ်ဆက်ကာ ခိုးယူသုံးစွဲခြင်းကို ဆိုလိုပါသည်။ ထိုသို့ တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှုမှာ လျှပ်စစ်မီတာတွင် တပ်ဆင်ထားသောလုံခြုံရေးဆီးလ် (Cover Seal / Terminal Seal) များကို ဖြတ်တောက်ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ မီတာကိုကျော်လွန်၍ တိုက်ရိုက်ချိတ်ဆက်သုံးစွဲခြင်း၊ မီတာအတွင်းControl Circuit- များ တပ်ဆင်၍ မီတာနှေးအောင်ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဓာတ်အားလိုင်းများသို့ ချိတ်ဆက်သုံးစွဲခြင်း စသည့်လုပ်ရပ်များကို ဆိုလိုပါသည်။

ဓာတ်အားခိုးယူသုံးစွဲမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည့်အပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု စနစ်အပေါ်လည်း အနှောင့်အယှက်ဖြစ်စေပါသည်။ တရားမဝင်သုံးစွဲမှုများကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သော ဘဏ္ဍာငွေများ ဆုံးရှုံးရုံသာမက လျှပ်စစ်ဓာတ်အား ယူနစ်သန်းချီ လေလွင့်ဆုံးရှုံးရပါသည်။ ယင်းကြောင့် အမှန်တကယ်လိုအပ်နေသော အများပြည်သူထံ ဓာတ်အားအပြည့်အဝ မဖြန့်ဖြူးနိုင်တော့ဘဲ ဓာတ်အားမလုံလောက်မှုကို ပိုမိုဆိုးရွားစေပါသည်။ ဓာတ်အားခိုးယူသုံးစွဲသူများ က မီတာခပေးဆောင်ရခြင်းမရှိသဖြင့် ဓာတ်အားကို အတိုင်းအဆမရှိ အလွန်အကျွံသုံးစွဲကြပါသည်။ ထိုသို့သုံးစွဲခြင်းကြောင့် ထရန်စဖော်မာများ ဝန်အားမနိုင်ဘဲ လောင်ကျွမ်းပျက်စီးခြင်း၊ လျှပ်စစ်ဗို့အားကျဆင်းခြင်းများနှင့် တစ်ရပ်ကွက်လုံး မီးပြတ်တောက်ခြင်းများကို ဖြစ်ပေါ်စေကာ တရားဝင်သုံးစွဲနေသော ပြည်သူများကိုပါ အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ပြင် မီးလောင်မှု၊ ဓာတ်လိုက်မှု စသည့်အသက်အန္တရာယ်များကိုလည်း ဖြစ်စေနိုင်ပါသည်။

တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်းသည် မိမိအသက်အန္တရာယ်ကို ထိခိုက်စေနိုင်ရုံသာမက ဥပဒေအရ ပြင်းထန်စွာအရေးယူခံရမည့် ရာဇဝတ်မှုတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်းကြောင့် အောက်ပါအတိုင်း ပြင်းထန်စွာအရေးယူခြင်းခံရနိုင်ပါသည်-

(၁) မီတာချက်ချင်း ဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း၊

(၂) နစ်နာခဲ့သော လျှပ်စစ်ယူနစ်များအတွက် ဓာတ်အားခလျော်ကြေးနှင့် သတ်မှတ်ဒဏ်ကြေးသိန်းဂဏန်းမှ သန်းဂဏန်းအထိ ပေးဆောင်ရခြင်း၊

(၃) တည်ဆဲလျှပ်စစ် ဥပဒေပုဒ်မများဖြင့် ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ်ကျခံရနိုင်ခြင်း။

တရားမဝင် ဓာတ်အားခိုးယူသုံးစွဲရခြင်း၏ အကြောင်းရင်းများကို စိစစ်ကြည့်ရာတွင် အောက်ပါအချက်များကြောင့်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်-

(၁) ယခင်က မီတာတပ်ဆင်ခြင်းဆိုင်ရာ သုံးစွဲခွင့်လျှောက်ထားရာတွင် မီတာတပ်ဆင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာနားမလည်ကြခြင်း၊ သို့မဟုတ် တရားဝင်မီတာလျှောက်ထားရန် အချိန်ကြန့်ကြာမှုနှင့် လုပ်ထုံးလုပ်နည်းရှုပ်ထွေးသည်ဟုယူဆကာ လမ်းလွဲသုံးစွဲရန် ကြိုးပမ်းလာကြခြင်း၊

(၂) ဒေသအချို့တွင် သက်ဆိုင်ရာတာဝန်ရှိ သူများ၏ စစ်ဆေးကြပ်မတ်မှုနှင့် ကွင်းဆင်းစစ်ဆေးမှု အားနည်းချက်များရှိနေခြင်းကြောင့် ဥပဒေကို အလေးမထားဘဲ လွယ်ကူသလို ခိုးယူသုံးစွဲရန် အခွင့်ကောင်းရှာလာကြခြင်း၊

(၃) လျှပ်စစ်မီးပုံမှန်မရရှိဘဲ မကြာခဏပြတ်တောက်နေခြင်း၊ ဓာတ်အားမလုံလောက်မှုများကြောင့် အချို့သောသုံးစွဲသူများသည် မိမိတို့လိုအပ်သလောက် ရရှိသုံးစွဲနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင်ဖြတ်တောက် လှည့်ပတ်သုံးစွဲကြခြင်း၊

(၄) အချို့သော ပြည်သူများနှင့် အလုပ်ရုံ၊ စက်မှုလုပ်ငန်းရှင်များက လျှပ်စစ်မီတာခနှင့် ကုန်ကျစရိတ်များကို တရားဝင်ပေးဆောင်လိုမှုမရှိခြင်း။

ရည်ရွယ်ချက်ရှိစွာဖြင့် မသမာမှုများပြုလုပ်၍ ဆောင်ရွက်နေသော တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာဖြင့် တားဆီးနိုင်ရန်အတွက် လက်ရှိတွင် Smart Meter များ တပ်ဆင်ခြင်း၊ Advanced Metering Infrastructure (AMI) System များ တိုးချဲ့တည်ဆောက်ခြင်း၊ Supervisory Control And Data Acquisition (SCADA) နှင့် အလို အလျောက် ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် စနစ်များ အဆင့်မြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးအတွက် အပြည့်အဝ Digital Grid အဖြစ် ပြောင်းလဲနိုင်ရန် Communication Network များ၊ Data Con- centrator Unit (DCU) များ၊ Meter Data Manage- ment System (MDMS) များနှင့် Control Center များကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်သွားရန် စီမံနေပြီဖြစ်ပါသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ လမ်းတစ်လျှောက်ဖြစ်ပေါ်တတ်သော နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုများ (Technical Losses) နှင့် ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းကဲ့သို့သော(Nonte- chnical Losses) လျှပ်စစ်ဆုံးရှုံးမှုများကို စမတ် ဂရစ်၏ SCADA ဟုခေါ်သော အဝေးမှ ကြည့်ရှုကွပ်ကဲနိုင်သည့် စနစ်နှင့်အလိုအလျောက် ထိန်းချုပ်ကွပ်ကဲမှုစနစ် (Grid Automation) တို့ဖြင့် ချက်ချင်းဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများနှင့် ဓာတ်အားပျောက်ဆုံးမှုများကို လုပ်ငန်းစဉ်တစ်လျှောက် စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေတိုးတက်ရရှိလာသဖြင့် တိုးချဲ့တည်ဆောက်ရမည့် စီမံကိန်းလုပ်ငန်းသစ်များ ပိုမိုအားကောင်းလာစေပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာ၌လည်း အထောက်အကူဖြစ်လာနိုင်မည်ဖြစ်ပါ သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့်လည်း ပြည်ပခရီးစဉ်များတွင် ဓာတ်အားဖြန့်ဖြူးရေးစနစ် ပိုမိုတိုးတက်စေရန်နှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC “System Operator of the United Power System of Russia” အဖွဲ့၊ ထိုင်းနိုင်ငံ Electricity Generation Authority of Thailand (EGAT)၊ တရုတ်နိုင်ငံ China Sou- thern Power Grid - Lanchang Mekhong Inter- national Co., Ltd. (CSG LMI) တို့ဖြင့် ဆွေးနွေးကာ ယင်းအဖွဲ့အစည်းများဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ၏ စနစ်များ တိုးတက်ကောင်းမွန်လာပြီး ယခုလို လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများကို ဖော်ထုတ်နိုင်ရုံသာမက အနာဂတ်တွင် လုံးဝကင်းရှင်းပပျောက်သွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ထို့ပြင် မီတာတပ်ဆင်ခြင်းဆိုင်ရာ သုံးစွဲခွင့်လျှောက်ထားရာတွင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/ စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် Online မီတာလျှောက်ထားခြင်းစနစ်ကို အသုံးပြုဆောင်ရွက်ခဲ့ရာ ပြည်သူများအနေဖြင့် လျှောက်ထားရလွယ်ကူလာသည်နှင့်အမျှ တရားဝင်မီတာလျှောက် ထားသုံးစွဲလိုစိတ်မြင့်တက်လာပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိကျစွာ စီမံခန့်ခွဲနိုင်တော့မည်ဖြစ်၍ တရားမဝင်မီတာတပ်ဆင်ခြင်းနှင့် ဓာတ်အားခိုးယူသုံးစွဲမှုများ လျော့ပါးစေမည်ဖြစ်ပါသည်။

မိုးရာသီကာလများတွင် ရေဝင်ရောက်မှုကောင်းမွန်သောကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အပြည့်အဝဓာတ်အား ထုတ်လုပ်ပေးနိုင်သော်လည်း မဟာဓာတ်အားလိုင်းများ၏ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်များရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများသည့် နေ့အချိန်ပိုင်းတွင် အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ပြည်သူများ နေ့ခင်းပိုင်းနှင့် ဓာတ်အားအမြင့်ဆုံးသုံးစွဲမှု အချိန်များတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး AMI စနစ်ကိုအသုံးပြု၍ နေ့လယ်ပိုင်းဝန်အား သုံးစွဲမှုများပြားသည့် စက်မှုလုပ်ငန်းကြီးများကို ဓာတ်အားခလျှော့ချပေးကာ ညပိုင်းအချိန်များသို့ ပြောင်းရွှေ့ဓာတ်အားသုံးစွဲနိုင်မည့် အစီအမံ “အချိန်ပေါ်မူတည်၍ ဓာတ်အားခနှုန်းထားကို အတက်အကျပြောင်းလဲကောက်ခံသောစနစ် (Time-of-Use Rate) ” များဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ယင်းအချက်ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာနိုင်ပြီး ဓာတ်အားပြတ်တောက်မှုများ အထိုက်အလျောက် လျော့ပါးလာ၍ တရားမဝင်သုံးစွဲမှုများ ပပျောက်လာမည်ဖြစ်ပါသည်။

သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ဒေသန္တရအာဏာပိုင်များ ပူးပေါင်းပါဝင်သော အထူးစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းကာ စက်မှုဇုန်များ၊ အလုပ်ရုံများနှင့် လူစည်ကားရာ ရပ်ကွက်များတွင် ဖြန့်ဖြူးရေးလိုင်းများ၊ မီတာများကို စနစ်တကျနှင့် ပုံမှန်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ လျှပ်စစ်ဥပဒေများနှင့်အကျုံးဝင်သော ပြစ်ဒဏ်များကို တိကျလေးနက်စွာ ကျင့်သုံးဆောင်ရွက်ခြင်း၊ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲသူများကို ခြွင်းချက်မရှိဘဲ တရားစွဲဆိုအရေးယူခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းတို့ကို ဥပဒေနှင့်အညီ တင်းကျပ်စွာဆောင်ရွက်ခြင်း၊ ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်သည့် လွယ်ကူသော စနစ်များကို ဖန်တီးပေးခြင်းနှင့် တရားမဝင် လုပ်ဆောင်နေသူများကို အများပြည်သူသိရှိအောင် ဖော်ထုတ်အရေးယူခြင်း၊ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် သုံးစွဲသူများနှင့် ပူးပေါင်းကာ တရားမဝင်လိုင်းဆွဲခွင့်ပြုခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းများမရှိစေရန်ဌာနတွင်း စစ်ဆေးကြပ်မတ်ရေးကို တင်းကျပ်စွာ လုပ်ဆောင်ပြီး ပြစ်မှုကျူးလွန်သည့် ဝန်ထမ်းများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

လျှပ်စစ်ဓာတ်အားကို တရားမဝင်ခိုးယူသုံးစွဲခြင်းသည် ခဏတာ အခမဲ့ရရှိသကဲ့သို့ ထင်ရသော်လည်း မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုအနာဂတ်ကို ဖျက်ဆီးပစ်နိုင်သည့် ရာဇဝတ်မှုတစ်ခုသာဖြစ်ပါသည်။ ထို့ပြင် မိမိတို့၏ တရားမဝင်ဓာတ်အားခိုးယူမှုကြောင့် ဓာတ်အားသုံးစွဲခွင့်ရရှိရန် စောင့်မျှော်နေကြသည့် ပြည်သူတို့၏ အခွင့်အရေးများ ဆုံးရှုံးနေမှုများအပေါ်တွင်လည်း ကိုယ်ချင်းစာစိတ်များ မွေးမြူကြရန် လိုအပ်ပါသည်။

 သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ရယူလိုမှုများအပေါ်တွင် ကိုယ်ချင်းစာစိတ်က အနိုင်ယူ၍ တရားမဝင် ဓာတ်အားရယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment