ဝေဖြိုးအောင်
(ယမန်နေ့မှ အဆက်)
လုပ်ဆောင်ပုံယန္တရားမှာ ကလိုရင်းသည် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ၏ အပြင်ဘက်ဆဲလ်နံရံများကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပါသည်။
အထူးသဖြင့် HOCl သည် လျှပ်စစ်ဓာတ်မဲ့ဖြစ်သောကြောင့် ဗက်တီးရီးယားဆဲလ်များအတွင်းသို့
အလွယ်တကူဝင်ရောက်နိုင်ပါသည်။ ဆဲလ်အတွင်းသို့ ရောက်ရှိသွားသောအခါ ကလိုရင်းသည်
ရောဂါပိုးများ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်သော အင်ဇိုင်းများနှင့်
ပရိုတင်းများကို ဓာတ်တိုးစေပြီး ပျက်စီးစေပါသည်။ ဗိုင်းရပ်စ်များ၏
မျိုးဗီဇဖွဲ့စည်းပုံများကို ဖျက်ဆီးပစ်ခြင်းဖြင့် ယင်းတို့ ပွားများခြင်းကို
တားဆီးပေးပါသည်။
ကလိုရင်း၏ ထိရောက်မှုသည် ရေ၏ အချဉ်အငန်ဓာတ်အပေါ်တွင်
များစွာမူတည်ပါသည်။ pH ၆ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းရှိသော ရေတွင် ကလိုရင်းသည် အထိရောက်ဆုံး
အလုပ်လုပ်နိုင်ပါသည်။ အကယ်၍ ရေသည်အယ်လ်ကာလိုင်း (pH မြင့်မားခြင်း)
ဖြစ်နေပါက ပိုးသတ်နိုင်စွမ်း ကျဆင်းသွားတတ်ပါသည်။
ကလိုရင်းအသုံးပြုခြင်း၏ အားသာချက်များ
ကလိုရင်းဖြင့် ရေသန့်စင်ခြင်းကို ကမ္ဘာတစ်ဝန်းရှိ
တာဝန်ရှိအဖွဲ့အစည်းများက အကျယ်တဝင့် အသုံးပြုနေရခြင်းမှာ အောက်ပါအားသာချက်များကြောင့်
ဖြစ်ပါသည်-
အကြွင်းအကျန်အာနိသင်
ကလိုရင်း၏ အကြီးမားဆုံးအားသာချက်မှာ ရေသန့်စင်စက်ရုံမှ
ပို့လွှတ်ပြီးနောက် ပိုက်လိုင်းများတစ်လျှောက် အိမ်တိုင်ရာရောက်သည်အထိ ရေထဲတွင်
ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါသည်။ ဤအချက်သည် ပိုက်လိုင်းများ ပေါက်ပြဲခြင်း
သို့မဟုတ် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ရေထဲသို့ရောဂါပိုးများ ပြန်လည်ဝင်ရောက်လာပါက
ချက်ချင်းသေစေနိုင်စွမ်းရှိပါသည်။ ခရမ်းလွန်ရောင်ခြည်နှင့် အိုဇုန်းစနစ်များတွင်
ဤအကြွင်းအကျန်အာနိသင်မရှိပါ။
ကလိုရင်းသည် ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်၊ ဝမ်းကိုက်ရောဂါ
အစရှိသည့် ရောဂါများကို ဖြစ်စေသော ဗက်တီးရီးယားများနှင့် ဗိုင်းရပ်စ်အမျိုးအစား
အများစုကို ထိရောက်စွာ သေစေနိုင်စွမ်းရှိပါသည်။ အခြားသော ခေတ်မီရေသန့်စင်ခြင်း နည်းပညာများနှင့်
နှိုင်းယှဉ်ပါက ကလိုရင်းဓာတ်ငွေ့ သို့မဟုတ် အရည်အသုံးပြုခြင်းသည် ကနဦးတည်ဆောက်မှု
ကုန်ကျစရိတ်နှင့် ရေရှည်လည်ပတ်မှု ကုန်ကျစရိတ်ပါ များစွာသက်သာပါသည်။ ထို့ကြောင့်
ဘတ်ဂျက်အကန့်အသတ်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြို့ပြစီမံကိန်းများအတွက်
အသင့်တော်ဆုံးဖြစ်ပါသည်။ ကလိုရင်းစနစ်များကို ရွာငယ်လေးများအတွက် ရေသန့်စင်စနစ်
အသေးစားများမှသည် လူဦးရေသန်းနှင့်ချီနေထိုင်သော မြို့ကြီးပြကြီးများ၏
ရေသန့်စင်စက်ရုံကြီးများအထိ အရွယ်အစားအမျိုးမျိုးဖြင့် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါသည်။
အားနည်းချက်နှင့် ဘေးထွက်ဆိုးကျိုးများ
ကလိုရင်းသည် ရေသန့်စင်ရေးတွင် မရှိမဖြစ်အရေးပါသော်လည်း
၎င်း၏အားနည်းချက်များနှင့် နောက်ဆက်တွဲပြဿနာများလည်း ရှိပါသည်။ ကလိုရင်း၏
အကြီးမားဆုံးသောပြဿနာမှာ ရေထဲတွင် သဘာဝအလျောက် ပါဝင်နေသော သစ်ရွက်ဆွေးများ၊
ရေညှိများမှထွက်ပေါ်လာသည့် အော်ဂဲနစ်ပစ္စည်းများနှင့် ဓာတ်ပြုပြီး Disinfection By-Products (DBPs) ဟုခေါ်သော ဘေးထွက်ဒြပ်ပေါင်းများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အထူးသဖြင့် Trihalomethanes
(THMs) နှင့် Haloacetic acids (HAAs) တို့
ဖြစ်ကြပါသည်။ ဤဒြပ်ပေါင်းများကို ရေရှည်သောက်သုံးမိပါက ကျန်းမာရေး
ဆိုးကျိုးအနည်းငယ်ရှိနိုင်ကြောင်း သုတေသနများက ဖော်ပြထားပါသည်။
ကလိုရင်းသည် ဗက်တီးရီးယားများကို ထိရောက်စွာနှိမ်နင်းနိုင်သော်လည်း
Cryptospori-dium နှင့် Giardia ကဲ့သို့သော ကပ်ပါးကောင်များ၏ ဥများကို
သေစေရန်မူအလွန်ခက်ခဲပါသည်။ ထိုကပ်ပါးကောင်များကို ဖယ်ရှားရန်အတွက်
အဆင့်မြင့်ရေစစ်စနစ်များ သို့မဟုတ် ခရမ်းလွန်ရောင်ခြည်အသုံးပြုခြင်းများ
လိုအပ်ပါသည်။
ရေထဲတွင် ကလိုရင်းပါဝင်မှု များပြားလွန်းပါက
သောက်သုံးရေတွင် ဆေးရုံအနံ့ သို့မဟုတ် ဓာတုဆေးအနံ့များ ထွက်ပေါ်လာတတ်ပြီး သုံးစွဲသူပြည်သူလူထု၏
မကျေနပ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဤသည်မှာ အမြဲတမ်းကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ခုဖြစ်ပါသည်။
ကလိုရင်းဓာတ်ငွေ့သည် အလွန်အဆိပ်ပြင်းသောကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးတို့တွင်
အထူးဂရုစိုက်ရန်လိုအပ်ပါသည်။ ယိုစိမ့်မှုဖြစ်ပွားပါက စက်ရုံဝန်ထမ်းများနှင့်
အနီးနားရှိ ပြည်သူများကို အသက်အန္တရာယ်ပေးနိုင်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏
စံချိန်စံညွှန်းများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် သောက်သုံးရေတွင် ပါဝင်သင့်သော
ကလိုရင်းပမာဏနှင့် ပတ်သက်၍ တိကျသောလမ်းညွှန်ချက်များကို ချမှတ်ထားပါသည်။
သောက်သုံးရေလုံခြုံရေးအတွက် ပိုက်လိုင်းကွန်ရက်၏ အဆုံးစွန်ဆုံးနေရာတွင် အနည်းဆုံးအကြွင်းအကျန်
ကလိုရင်း ၀ ဒသမ ၂ မီလီဂရမ်/လီတာ ပါဝင်ရန်လိုအပ်ကြောင်း WHO က
သတ်မှတ်ထားပါသည်။
တစ်ပြိုင်တည်းမှာပင် သုံးစွဲသူများ၏ ကျန်းမာရေးကို
မထိခိုက်စေရန်နှင့် အနံ့အရသာ မပျက်စီးစေရန်အတွက် အမြင့်ဆုံးပါဝင်နိုင်သည့် ပမာဏကို
၅ ဒသမ ၀ မီလီဂရမ် /လီတာအဖြစ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် ရေသန့်စင်စက်ရုံများတွင်
ကလိုရင်းထည့်သွင်းရာ၌ အလိုအလျောက် တိုင်းတာစစ်ဆေးသည့် စနစ်များကို အသုံးပြု၍
အဆိုပါ 0.2
မှ 5.0 mg/L အတွင်း အမြဲရှိနေစေရန် ထိန်းသိမ်းရမည်ဖြစ်ပါသည်။
အခြားသော ရေသန့်စင်ခြင်းနည်းလမ်းများ
ခေတ်မီမြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကလိုရင်း၏
အားနည်းချက်များကို ကျော်လွှားနိုင်ရန် အခြားသော အဆင့်မြင့်ရေသန့်စင်နည်းပညာများကိုလည်း
တွဲဖက်အသုံးပြုလာကြပါသည်။
အိုဇုန်းဖြင့် သန့်စင်ခြင်း
အိုဇုန်းဓာတ်ငွေ့ (O3) သည် ကလိုရင်းထက် ပိုးသတ်နိုင်စွမ်းပိုမိုမြန်ဆန်ပြီး
ထိရောက်မှု အားကောင်းပါသည်။ ကလိုရင်းကဲ့သို့ အနံ့အသက်ဆိုးများ မကျန်ရစ်စေသည့်အပြင်
DBPs ဖြစ်ပေါ်မှုကိုလည်း လျှော့ချပေးပါသည်။ သို့သော်
လျှပ်စစ်စွမ်းအင်အမြောက်အမြားလိုအပ်ပြီး ကုန်ကျစရိတ်အလွန်ကြီးမားပါသည်။ ထို့ပြင်
အကြွင်းအကျန် အာနိသင်မရှိသောကြောင့် ပိုက်လိုင်းများအတွင်း ရောဂါပိုးပြန်လည်ဝင်ရောက်မှုကို
မတားဆီးနိုင်ပါ။ ထို့ကြောင့် အိုဇုန်းဖြင့် သန့်စင်ပြီးနောက် ကလိုရင်းအနည်းငယ်ကို
ဒုတိယအဆင့်အနေဖြင့် ထည့်သွင်းလေ့ရှိကြပါသည်။
ခရမ်းလွန်ရောင်ခြည် အသုံးပြုခြင်း
ရေကို UV မီးချောင်းများအောက်မှ ဖြတ်သန်းစေခြင်းဖြင့်
ရောဂါပိုးများ၏ DNA ကို ဖျက်ဆီး ပစ်သော နည်းလမ်းဖြစ်ပါသည်။
ဓာတုပစ္စည်းလုံးဝအသုံးမပြုသောကြောင့် ဘေးထွက်ဆိုးကျိုးဒြပ်ပေါင်းများ
လုံးဝမဖြစ်ပေါ်ပါ။ Cryptosporidium ကဲ့သို့သော
ကလိုရင်းခံနိုင်ရည်ရှိသည့် ကပ်ပါးကောင်များကို ထိရောက်စွာ သေစေနိုင်ပါသည်။
အားနည်းချက်မှာ ရေသည်အလွန်ကြည်လင်နေရန် လိုအပ်ပြီး အကြွင်းအကျန်အာနိသင်
မရှိခြင်းပင်ဖြစ်ပါသည်။
ပြောင်းပြန်ရေစစ်စနစ်
အလွန်သေးငယ်သော အမြှေးပါးကို အသုံးပြု၍ ရေထဲရှိ
ဓာတ်ဆားများ၊ ပိုးမွှားများနှင့် ဓာတုပစ္စည်းအားလုံးနီးပါးကို ဖယ်ရှားပေးသောစနစ်ဖြစ်ပါသည်။
ဤစနစ်သည် ရေကို အသန့်စင်ဆုံးအခြေအနေသို့ ရောက်ရှိစေသော်လည်း ရေလေလွင့်မှုများပြားခြင်းနှင့်
လည်ပတ်မှုကုန်ကျစရိတ် အလွန်ကြီးမားခြင်းတို့ကြောင့် မြို့ပြရေပေးဝေရေးတစ်ခုလုံးအတွက်
အသုံးပြုရန်ခက်ခဲပြီး သီးသန့်သောက်ရေသန့်ထုတ် လုပ်ငန်းများတွင်သာ
အများဆုံးအသုံးပြုကြပါသည်။
ခေတ်သစ် စမတ်စီးတီးစနစ်များ
ယနေ့ခေတ် စမတ်စီးတီးစီမံကိန်းများတွင်
မြို့ပြရေပေးဝေရေးစနစ်များကို အင်တာနက်ကွန်ရက်များနှင့် ချိတ်ဆက်ကာ
စီမံခန့်ခွဲလာကြပြီ ဖြစ်ပါသည်။ (IoT - Internet of Things) နည်းပညာကိုအသုံးပြု၍ ပိုက်လိုင်းကွန်ရက်တစ်လျှောက်တွင်
အာရုံခံကိရိယာများ တပ်ဆင်ထားခြင်းဖြင့် ရေထဲတွင်ကျန်ရှိနေသော ကလိုရင်းပမာဏ၊ ရေ၏နောက်ကျိမှု၊
အချဉ်အငန်ဓာတ်နှင့် ရေဖိအားတို့ကို အချိန်နှင့်တစ်ပြေးညီ
စောင့်ကြည့်တိုင်းတာနိုင်ပြီ ဖြစ်ပါသည်။
ဤကဲ့သို့ စောင့်ကြည့်နိုင်ခြင်းကြောင့် ရေအရည်အသွေးကျဆင်းသွားပါက
သို့မဟုတ် ကလိုရင်းပမာဏနည်းပါးသွားပါက ကွန်ပျူတာစနစ်မှတစ်ဆင့်
ချက်ချင်းသိရှိနိုင်ပြီး လိုအပ်သောနေရာများတွင် အလိုအလျောက်
ကလိုရင်းထပ်မံဖြည့်တင်းပေးသည့် စနစ်များကို အသုံးပြုလာနိုင်ပါသည်။ ဤသည်မှာ
သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့်ညီညွတ်သော
သောက်သုံးရေအမြဲတမ်းပေးဝေနိုင်ရေးအတွက် အလွန်အရေးပါသော နည်းပညာတိုးတက်မှုတစ်ရပ်
ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မြို့ပြရေပေးဝေရေးစနစ်များတွင်
ကလိုရင်းဖြင့် ရေသန့်စင်ခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ ကျယ်ပြန့်သော
ပိုးသတ်နိုင်စွမ်းရှိခြင်းနှင့် အကြွင်းအကျန်အာနိသင်ဖြင့် ပိုက်လိုင်းတစ်လျှောက် ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့်
အစားထိုး၍ မရနိုင်သေးသော အရေးပါသည့် နည်းပညာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပါသည်။
သို့သော်လည်း အားနည်းချက်များကို အသိအမှတ်ပြုပြီး အခြားသောခေတ်မီနည်းပညာများနှင့်
ပေါင်းစပ်အသုံးပြုခြင်း၊ စမတ်စီးတီးနည်းပညာများဖြင့် အချိန်နှင့်တစ်ပြေးညီ
စောင့်ကြည့်ထိန်းချုပ်ခြင်းများကို စနစ်တကျဆောင်ရွက်သွားရန် အထူးလိုအပ်လှပါကြောင်း
တင်ပြအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ World Health Organization (WHO),
“Guidelines for Drinking-water Quality: Fourth Edition Incorporating the First
Addendum”.
၂။ Centers for Disease Control and
Pre-vention (CDC), “Water Disinfection with Chlorine and Chloramine”.
၃။ United States Environmental
Protection Agency (EPA), “Stage 1 and Stage 2 Disinfectants and Disinfection
Bypro-ducts Rules”.
၄။ International Journal of
Environmental Research and Public Health, “Modelling chlorine residuals in
drinking water: a review”.

No comments:
Post a Comment