Thursday, September 3, 2026

ရခိုင်မြောက်ပိုင်းအရေးကို အကြောင်းပြ၍ လှုံ့ဆော်ကြေညာမှုများကို ဆန့်ကျင်ရှုတ်ချ


ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများ၏အမြင်နှင့် ပြည်ပနိုင်ငံများ၏အမြင်တို့မှာ ကွဲပြားခြားနားလှသည်။ စင်စစ်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်ဆိုသည်မှာပင် အကွက်ချ ကြိုတင်ကြံစည်မှုဖြင့် ဖန်တီးပေါ်ပေါက်လာခဲ့သည့် လုပ်ကြံမှုတစ်ခုဟူ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိရှိထားကြခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ ကျော်ကို ARSA အကြမ်းဖက်အဖွဲ့က လူအင်အား အမြောက်အမြားအသုံးပြု၍ တစ်ပြိုင်တည်းတိုက်ခိုက်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ဒေသခံများထဲတွင် လူနည်းစုဖြစ်နေသည့် ရခိုင်နှင့်အခြားတိုင်းရင်းသားများ၊ အစ္စလာမ်မဟုတ်သည့် အခြားဘာသာဝင်များ၊ ၎င်းတို့နှင့်ဘာသာတူ လူမျိုးတူများဖြစ်သော်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသူအချို့တို့ သတ်ဖြတ်ခံကြရသည်။ ယင်းတို့ထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများလည်း ပါဝင်သည်။ မြန်မာ့တပ်မတော်က အကြမ်းဖက်မှုဆန့်ကျင်ချေမှုန်းရေးအတွက် ပြန်လည်တုံ့ပြန်တိုက်ခိုက်သည့်အခါ ၎င်းတို့နေထိုင်ခဲ့သည့် ကျေးရွာများကိုမီးရှို့၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးကြသည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးကြသူများတွင် အကြမ်းဖက်သမားများ၊ ၎င်းတို့၏ မိသားစုဝင်များသာမက ကြောက်ရွံ့ပြီးထွက်ပြေးကြရသူများလည်း အများအပြားပါဝင်ကြသည်။ ကြောက်ရွံ့သူများဟုဆိုရာတွင် ARSA အကြမ်းဖက်အဖွဲ့က မထွက်ပြေးဘဲမနေရခြိမ်းခြောက်မှုကို ကြောက်ရွံ့ကြသူများရော နှစ်ဖက်ပဋိပက္ခတွင် ဒေသခံတိုင်းရင်းသားများ၏ ပြန်လည်လက်စားချေခံရမည်ကို ကြောက်ရွံ့ကြသူများပါ ပါဝင်သည်။ အခြေအနေကို ပြန်လည်ထိန်းသိမ်းပြီးချိန်တွင်ပင် တစ်ဖက်နိုင်ငံသို့ ဆက်လက်ထွက်သွားနေကြသူများကို ဒေသအာဏာပိုင်များက တားဆီးဖျောင်းဖျခဲ့ကြသည့်တိုင် တားမရဆီးမရ ထွက်ခွာသွားခဲ့ကြခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဇာတ်ကွက်တစ်ခုကို ဇာတ်ညွှန်းအတိုင်း ဖြစ်လာစေရန် နောက်ကွယ်ကညွှန်ကြားမှုများဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းပဋိပက္ခကို လိုရာစွဲ၍ပုံဖော်ခဲ့ကြသူများမှာ အနောက်တိုင်းမီဒီယာများနှင့် ၎င်းတို့၏အဆက်အနွှယ် မီဒီယာများဖြစ်ကြသည်။ ၎င်းမီဒီယာများက တစ်ဖက်နိုင်ငံသို့ ထွက်ပြေးနေကြသူများ၏ မြင်ကွင်းပုံရိပ်များကို အထူးအသားပေးဖော်ပြကြပြီး မြန်မာ့တပ်မတော်၏ အကြမ်းဖက်မှုဆန့်ကျင်ချေမှုန်းရေး တုံ့ပြန်တိုက်ခိုက်မှုကို မဟုတ်မမှန်စွပ်စွဲမှုများ၊ မှန်ကန်မှုမရှိသည့်အချက်အလက်များ၊ ပုံကြီးချဲ့မှုများဖြင့် ပုံပျက်ပန်းပျက်ဖြစ်အောင် ပုံဖော်ရေးသားရိုက်ကူးထုတ်လွှင့်ခဲ့ကြသည်။ ပြဿနာ၏ဇာစ်မြစ်ဖြစ်သော ARSA ၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကိုမူ ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ထားလိုက်ကြသည်။ အနောက်မီဒီယာများက ရခိုင်မြောက်ပိုင်းအရေးကို ဗုဒ္ဓဘာသာဝင်လူများစုနှင့် အစ္စလာမ်ဘာသာဝင်လူနည်းစုတို့၏ ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ မြန်မာ့တပ်မတော်၏ တရားမဲ့ကျူးလွန်မှု စသည်ဖြင့်ပုံဖော်ခဲ့ကြရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အထူးသဖြင့်အနောက်နိုင်ငံများနှင့် ၎င်းတို့၏နောက်လိုက်နိုင်ငံများကပါ တစ်လေသံတည်းလိုက်ခဲ့ကြခြင်းဖြစ်သည်။

လတ်တလောကာလအတွင်း အာဆီယံနိုင်ငံအချို့သို့ ဒုက္ခသည်အဖြစ် ရောက်ရှိခိုလှုံနေထိုင်နေကြသူများကို ၎င်းနိုင်ငံများမှ ပြည်သူများက ဆန့်ကျင်မောင်းထုတ်နေကြကြောင်း လူမှုကွန်ရက်မီဒီယာများတွင်တွေ့ရှိရသည်။ အဆိုပါ ဒုက္ခသည်အဖြစ်ရောက်ရှိနေသူများကို မြန်မာအဖြစ်ရည်ညွှန်းလျက်ရှိသည်ကိုလည်း တွေ့ရှိရသည့်အပြင် အချို့မှာ စာရွက်စာတမ်းအတုပြုလုပ်မှုများ၊ တတိယနိုင်ငံသို့ သွားရောက်နိုင်ရန်အတွက် ကုလသမဂ္ဂတွင် ဒုက္ခသည်စာရင်းပေါက်နိုင်ရေးအတွက် ကြားပွဲစားအဖြစ် ဆောင်ရွက်မှုများကိုပါ တွေ့ရှိရခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှလာသော ဒုက္ခသည်များရှိနေသည်ကို မငြင်းဆိုနိုင်သော်လည်း ဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဟုဆိုလျှင်မူ မှန်ကန်မှုမရှိဟု အခိုင်အမာဆိုရမည်သာဖြစ်သည်။

ရခိုင်မြောက်ပိုင်းအရေးနှင့်ပတ်သက်၍ ယူကေကဲ့သို့သော အနောက်နိုင်ငံတွင် အခြေစိုက်နေသည့် ပြည်ပြေးများ၏ နိုင်ငံရေးလိုင်းနှင့် အရှေ့အလယ်ပိုင်းနှင့် တောင်အာရှအခြေစိုက် အဖွဲ့အစည်းအချို့က နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်နေသည့် လက်နက်ကိုင်အကြမ်းဖက်လိုင်းတို့အပြင် ကုလသမဂ္ဂက မြန်မာတစ်နိုင်ငံတည်းအတွက် အချိန်ကုန်၊ ငွေကုန်ခံ ဆောင်ရွက်နေသည့် ယန္တရားနှင့်လူပုဂ္ဂိုလ်များ၊ မီဒီယာများ၏ တစ်ဖက်သတ်လိုရာစွဲ ဘက်လိုက်ပုံဖော်မှုများကို မိမိတို့နိုင်ငံအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

နိုင်ငံရေးတွင် တိုက်ဆိုင်မှုဟူသည် မရှိသည့်အလျောက် ရခိုင်မြောက်ပိုင်းအရေးကိုအကြောင်းပြ၍ နိုင်ငံအချို့၏ နိုင်ငံရေးလှုံ့ဆော်မှုများ၊ ကြေညာမှု၊ ပြောကြားမှုများ၊ ပြည်တွင်း၌လည်း မငြိမ်မသက်မှုများဖြစ်လာစေရန်၊ ဘာသာရေးအရပဋိပက္ခများဖြစ်လာစေရန်၊ မတူကွဲပြားသည့်ဘာသာဝင်များအကြား မုန်းတီးမှုများဖြစ်လာစေရန် အရှိန်အဟုန်မြှင့်၍ သွေးထိုးလှုံ့ဆော်ဖန်တီးနေမှုများ စသည်တို့ကို မြန်မာနိုင်ငံ မြန်မာ့ရေ၊ မြန်မာ့မြေတွင်မွေးဖွား မှီတင်းနေထိုင်ကြသူ နိုင်ငံ့သားကောင်း သမီးကောင်းမှန်သမျှတို့က တညီတညွတ်တည်း ဆန့်ကျင်ရှုတ်ချကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment