နေပြည်တော် ဩဂုတ် ၃၁
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ အေးချမ်းစွာနေထိုင်လျက်ရှိသော ဒေသခံပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံး များဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများအပြင် မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်၍ ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက်ပစ်ခတ်သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်များကိုကျူးလွန်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာ၏ အနောက်မြောက်ဘက်မှ လက်နက်ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ၂၅ ဦးခန့်သည် မော်တော်ယာဉ်သုံးစီး၊ မော်တော်ဆိုင်ကယ်များဖြင့် ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ကျေးရွာအတွင်းအေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်(၄၄)နှစ်၊ ဦးမောင်သိန်း(၄၃)နှစ်၊ ဦးချစ်စမ်းမောင် (၄၄)နှစ်၊ ဦးဗိုလ်သက်လင်း(၄၀)နှစ်၊ ဦးသန်းဌေးအောင်(၃၉)နှစ်၊ ဦးဝေယံစိုး(၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ ဦးဟိန်းဝဏ္ဏဇော်(၂၂)နှစ်၊ ဦးဝင်းနိုင်(၄၄)နှစ်၊ ဦးအုန်းမောင်(၆၃)နှစ်၊ ဒေါ်ခင်မူ(၄၄)နှစ်နှင့် ဒေါ်လဲ့လဲ့ဝင်း(၄၄)နှစ်တို့ဖြစ်၍ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား လက်နက်အားကိုးဖြင့်အကြောင်းမဲ့ ယုတ်မာရိုင်းစိုင်းစွာ လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားမှုအား သိလျှင်သိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ(၁၂)ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ရပြီး အဆိုပါသေဆုံးသူများ၏ ရုပ်အလောင်းများအား မလှိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား လူမဆန်စွာပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး PDF အကြမ်းဖက်သောင်းကျန်းသူများ၏ ဆင်ခြင်တုံတရားမဲ့စွာ ဥပဒေမဲ့အကြမ်းဖက်လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပြည်သူများက စက်ဆုပ်ရွံရှာမုန်းတီးစွာ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကအကြမ်းဖက်သမားများအား ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment