Monday, August 31, 2026

ဝမ်းတွင်းဒေသထွက် ဝါကုန်ကြမ်းအခြေပြု MSMEs များဖြစ်သည့် ချည်ထည်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် ဒေသထွက်ဝါကုန်ကြမ်းအခြေပြု MSMEs များဖြစ်သည့် ချည်ထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ချည်ထည်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ Agro-Base Textile Industries များမှ Export ကဏ္ဍမြှင့်တင်ပြီး နိုင်ငံခြား ဝင်ငွေတိုးပွားရရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဝမ်းတွင်းမြို့ရှိ Leader of Textile စက်ရုံ၊ မင်းရန်နိုင်ဝါစက်နှင့် နန်းထိုက်တော်ဝင် အထည် ကြိတ်စက်၊ ကိန္နရီအဆင့်မြင့်ချည်ချောလုံချည် စက်ရုံ၊ ဖိုးပြုံးချိုစက်ရုံတို့၌ ရက်ကန်းနှင့် ချည်အချောကိုင်လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုများ၊ ကုန်ကြမ်းရရှိမှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ ပြည်တွင်းဖြစ်ကုန်ကြမ်းများအသုံးပြု၍ Made In Myanmar အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံသို့ ဂျူဒို၊ ကရာတေးဒိုအားကစားဝတ်စုံများ ချုပ်လုပ်တင်ပို့ နိုင်မှု၊ ခြုံစောင်များနှင့် ကော်ဇောများကိုအရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြည်တွင်း ဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေမှုတို့ကို ယမန်နေ့မွန်းလွဲပိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်သူ များအတွက် အဝတ်အထည်နှင့် ချည်ထည်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဝါစေ့ဆီလုပ်ငန်းမှ စားသုံးဆီလိုအပ်ချက်ကိုပြည့်မီအောင် ဖြည့်ဆည်း ပေးနိုင်ရေး၊ ပြည်ပမှ ချည်များတင်သွင်းနေရမှုကို လျှော့ချနိုင်ရေး၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ကာ ထုတ်ကုန်အမည်သစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့ရှိ အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)၌ အထည်ချုပ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တာဝန်ရှိသူများက MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လုပ်ငန်းရှင်များက အခက်အခဲများ၊ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ချည်ထည်လုပ်ငန်းရှင်များ၏ ထုတ်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လျာထား နေရာများ၊ ဝမ်းတွင်းမြို့နယ် လျှော်ပင်ကျေးရွာရှိ ဖြိုးဖြိုးစက်ရက်ကန်းလုပ်ငန်း၌ ကုန်ချောထုတ်လုပ်မှုနှင့် ဆိုလာစနစ်တပ်ဆင်သုံးစွဲနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment