ရန်ကုန် ဩဂုတ် ၁၆
မြန်မာ့ဆန်များကို ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် ဆန်အရည်အသွေးကောင်းမွန်သော GW-11 မြန်မာ့ဆန်အား အဝယ်လိုက်မှုကြောင့် ဈေးအမြင့်ဆုံးရရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့
မြန်မာနိုင်ငံနည်းတူ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က ဆန်တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံမှ
GW-11 အမျိုးအစားဆန်ကို အများဆုံးမှာယူမှုသည် ဆန်ကြိတ်ခွဲမှုနည်းပညာပိုင်းဆိုင်ရာထက်
ဆန်မျိုးစိတ်အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဈေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။
“ပြည်ပပို့ကုန်ဆန်တင်ပို့ရာမှာ
ဖိလစ်ပိုင်နိုင်ငံက GW-11 အဝယ်လိုက်နေတဲ့အတွက် လေးလအတွင်း တန်ချိန်ရှစ်သိန်းကျော် ပို့ပြီးပါပြီ။
ဖိလစ်ပိုင်ကို ဆန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဈေးအမြင့်ဆုံးရနေပါတယ်။
တစ်ကြိမ်မှမရဘူးတဲ့ အမြင့်ဆုံးဈေးပါ။ သူတို့က GW-11 ဆန်ရဲ့အရည်အသွေးထက် ဆန်မျိုးစိတ်ကို
ပိုပြီးနှစ်ခြိုက်တာကြောင့် အဝယ်လိုက်တာပါ။ ဖိလစ်ပိုင်နိုင်ငံက ပိုပြီးဝယ်ယူတာကြောင့်
ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးသလို အခြားဒေသတွေမှာလည်း သီးသန့်စိုက်ခင်းတွေ စိုက်ပျိုးပြီး
မျိုးစိတ်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက
GW-11 ဆန်ကို ဗီယက်နမ်ကနေ အဝယ်များပေမယ့် မြန်မာနိုင်ငံကပိုမှာယူပြီး ထိုင်းနိုင်ငံထက်
ဈေးပိုပေးအဝယ်လိုက်တာဟာ နိုင်ငံအတွက်လည်း အားရဂုဏ်ယူစရာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ
စီမံခန့်ခွဲရေးကော်မတီဝင် ဦးစိုင်းကျော်ကပြောသည်။
ဖိလစ်ပိုင်နိုင်ငံသို့
GW-11 ဆန်တင်ပို့ရာတွင် ထိုင်းနိုင်ငံက တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၀ ရရှိနေပြီး
မြန်မာနိုင်ငံမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ ရရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့
ဧပြီလမှ ဩဂုတ်လအထိ ဆန်တန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့
ဆန်ကွဲအများဆုံးတင်ပို့ခဲ့ကာ ဆန်တန်ချိန် ငါးသန်းဝယ်ယူရန်ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့
GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးမှ
GW-11 ဆန်များကို ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့ချိန်တွင် ဈေးအသင့်အတင့်ရခဲ့ပြီး
ယခုလပိုင်းအတွင်း ဝယ်လိုအားကောင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့်
GW-11 ဆန်များ ဈေးကောင်းရလျက်ရှိသည်။ GW-11 မြန်မာ့ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး
၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့ခဲ့ရာမှ ထိုဆန်ကို နှစ်ခြိုက်လာမှုကြောင့်
မှာယူမှုများလာခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-ကနူး-ညိမ်းသူ
(သတင်းစဉ်)
.jpg)
No comments:
Post a Comment