Monday, August 31, 2026

ရန်ကုန်စီးတီးအသင်း ချန်ပီယံရှမ်းယူနိုက်တက်ကို သရေကစားရန်ကုန်ယူနိုက်တက်အသင်း စစ်ကိုင်းယူနိုက်တက်ကို အနိုင်ယူ



ရန်ကုန် ဩဂုတ် ၃၀

Grand Royal M League ၂၀၂၆-၂၀၂၇ ပြိုင်ပွဲ ပွဲစဉ် (၁) လက်ကျန်ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီခွဲက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်စီးတီးနှင့်ရှမ်းယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့ကာ ရန်ကုန်ယူနိုက်တက်က စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ပဒေသာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ပထမပိုင်းတွင် နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ရန်ကုန်စီးတီးအသင်း၏ တိုက်စစ်ဆင်မှုများကို ဟန့်ထားနိုင်ခြင်းမရှိဘဲ ချေပဂိုးများခွင့်ပြုပေးခဲ့ရပြီး နောက်ကလိုက်ကစားကာ အဖိုးတန်သရေတစ်မှတ်ကို ခွဲယူသွားနိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၁၅ မိနစ်တွင် စတီဖင်အိုဝူဆူနှင့် ၄၅ မိနစ်တွင် ရန်ကုန်စီးတီးမှ ဟာရုကီယာမာမူရာ၏ ကိုယ့်ဂိုးကိုသွင်းမိမှုတို့မှရရှိခဲ့ပြီး ရန်ကုန်စီးတီးအသင်းအတွက် ချေပဂိုးများကို ၆၅ မိနစ်တွင် အောင်ကောင်းမာန်နှင့် နာကျင်အချိန်ပို ၉၀+၄ မိနစ်တွင် ဆေဂိုဆူချီယာတို့က ပြန်လည်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ရန်ကုန်စီးတီးမှ မြတ်ကောင်းခန့်က ရရှိခဲ့သည်။

YUSC ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈၆ မိနစ်၌ မောင်မောင်လွင်က စတင်သွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပို ၉၀+၄ မိနစ်တွင် မောင်မောင်လွင်၏ ပြစ်ဒဏ်ဘော ပေးပို့မှုမှတစ်ဆင့် မူစတာဖာက ခေါင်းတိုက်ကာ ဒုတိယအနိုင်ဂိုးကို ထပ်မံရယူပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် ခြေစွမ်းပြသနိုင်ခဲ့သည့် မောင်မောင်လွင်က ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

M League ၂၀၂၆-၂၀၂၇ ပွဲစဉ် (၁) အပြီးတွင် ရန်ကုန်ယူနိုက်တက်၊ ဒဂုံစတား၊ ဧရာဝတီနှင့် ရတနာပုံတို့က အနိုင်ပွဲများရရှိကာ ရမှတ် သုံးမှတ်စီပိုင်ဆိုင်ခဲ့သည်။ ရန်ကုန်စီးတီး၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်နှင့် မြဝတီတို့က ရမှတ်တစ်မှတ်စီဖြင့် ရပ်တည်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်၊ ဟံသာဝတီ၊ ISPE နှင့် ချင်းလန်းအသင်းတို့က ရမှတ်မရရှိသေးပေ။

နေမျိုး၊ ဓာတ်ပုံ-MNL


No comments:

Post a Comment