Sunday, August 23, 2026

ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်းပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့ အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ငဝန်ပန်းတာ ရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာသုံးအင်ဂျင်နီယာဆိုင်ရာ တားဆီးမှုများဖြစ်သည့် Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများ အသုံးပြု၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                      

သတင်းစဉ်

 

No comments:

Post a Comment