နေပြည်တော် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများ၌ ဩဂုတ် ၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကျေးရွာ၊ ရပ်ကွက်များနှင့် လယ်ယာစိုက်ခင်းများအတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ရေဦးမြို့နယ်ရှိ ဆီဆုံကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ မြင့်တင်ဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း၊ မင်းကင်းမြို့နယ် သရက်တောရပ်ကွက်ရှိ ဒေသခံပြည်သူများအား မင်းကင်းမြို့ မြို့မရပ်ကွက်ရှိ ယွန်းဘုန်းတော် ကြီးကျောင်းသို့လည်းကောင်း၊ မင်းကင်းမြို့နယ် ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးတောင်ဦးကျေးရွာ ရွှေဇဝါထွန်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ယာယီရွှေ့ပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက သွားရောက်ကူညီဆောင်ရွက်ပေးကြပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး လမ်းပိုင်းရှိ တံတားအမှတ် ၁/၂၃၀ သံကူ ကွန်ကရစ်တံတား၏ ဘယ်ဘက်ခြမ်းမြေထိန်းနံရံရေတိုက်စားသွားကာ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် လမ်းပေါ်ရေကျော်လျက်ရှိပြီး ယာဉ်ကြီးများသာ သွားလာနိုင်ကြောင်း သိရသည်။
ယင်းအပြင် ရွှေဘိုခရိုင်အတွင်း ကျေးရွာအုပ်စု ၃၃စုမှ လယ်ယာ စိုက်ခင်းများနှင့် ကျွန်းလှမြို့နယ် မန်ကျည်းအင်းကျေးရွာအုပ်စု လယ်လှကျေးရွာအုပ်စုနှင့် ရှမ်းစုကျေးရွာများရှိ လယ်ယာစိုက်ခင်းများအား ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment