Friday, August 14, 2026

မျိုးဆက်သစ်လူငယ်စွမ်းပကားများဖြင့် ကောင်းမွန်သည့်အနာဂတ်ဖော်ဆောင်


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်း ၅၁ ဒသမ ၃၇ သန်းကျော်အနက် ၁၆ ဒသမ ၇၈ သန်းခန့်သည် လူငယ်လူရွယ်များဖြစ်သည်။ မြန်မာနိုင်ငံသည် လူငယ်အင်အား အများအပြားပိုင်ဆိုင်ထားပြီး အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အရေအတွက်သည် ၈ ဒသမ၄ သန်းကျော်၊ နိုင်ငံလူဦးရေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းကျော်ပါဝင်လျက်ရှိသည်။ ၎င်းအရွယ်လူငယ်များသည် အသိဉာဏ်ပညာမြင့်မားခိုင်ကျည်အောင် ကြိုးပမ်းဆောင်ရွက်နေသည့်အရွယ်ဖြစ်၍ အဆိုပါလူငယ်များကို မြှင့်တင်ပျိုးထောင် အားပေးကူညီကြရမည်ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “မျိုးဆက်သစ်လူငယ်အင်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသကဲ့သို့ ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ပုံဖော်သည့်နေရာတွင်လည်း အဓိကမောင်းနှင်အားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်ဝစေရေးနှင့် နိုင်ငံတော်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး မြန်မာ့လူ့အဖွဲ့အစည်းကို မြှင့်တင်လိုစိတ်နှင့် မှန်ကန်သည့်အတွေးအခေါ်များ၊ အလေ့အကျင့်ကောင်းများနှင့် ပြည့်ဝနေသည့် မျိုးဆက်သစ်လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးကြောင်း”ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးတွင် လျင်မြန်စွာတိုးတက်ပြောင်းလဲမှုများနှင့်အတူ နယ်ပယ်ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် မျိုးဆက်သစ်လူငယ်များ၏ တက်ကြွသည့် ပေါင်းစည်းအား၊ အခက်အခဲကို အခွင့်အလမ်းအဖြစ် အသွင်ပြောင်းလဲနိုင်မှု အရည်အသွေးနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများသည် အဓိကမောင်းနှင်အားများပင်ဖြစ်သည်။ အနာဂတ်အတွက် အရေးပါသည့်စွမ်းအားစုများဖြစ်သည့် လူငယ်များ၏ရည်မှန်းချက်များနှင့် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန်နှင့် လူငယ်များကြုံတွေ့ နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ထိရောက်သည့်ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျဆောင်ရွက်ပေးနိုင်ရေးသည် အလွန်အရေးကြီးသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်သည် “နောက်ခံမတူငြား၊ ရည်မှန်းချက်တူထား၊ လူငယ်အား” အဖြစ် ရွေးချယ်သတ်မှတ်ထားသည်။ လူငယ်များနေထိုင်ရာ နိုင်ငံနယ်နိမိတ်များ၊ အဆင့်အတန်းများ သို့မဟုတ် နောက်ခံအခြေအနေ အကြောင်းအရာများ မတူကွဲပြားစေကာမူ လူငယ်အသီးသီး၏ ဂုဏ်သိက္ခာများ၊ အခွင့်အရေးများ၊ ပူးပေါင်းပါဝင်ခွင့်များကို မြှင့်တင်ပေးနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသည့် အနာဂတ်ကိုဖန်တီးရေးသည် လူငယ်များ၏ တူညီသော မျှော်မှန်းချက်များအဖြစ် တည်ရှိနေသည်ကို ယခုဆောင်ပုဒ်က မီးမောင်းထိုးဖော်ပြလျက်ရှိသည်။ အဆိုပါအချက်ကို ပံ့ပိုးကူညီဖြည့်ဆည်းပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် လူငယ်တစ်ဦးတစ်ယောက်၏ စွမ်းအားကိုနောက်ကျကျန်မနေစေရန် နိုင်ငံတော်သမ္မတက အလေးထားတိုက်တွန်းထားသည်။

ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုများသည် လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင်မှုအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်အားကောင်းလာသည်ကို တွေ့ရသည်။ လူငယ်များသည် ခေတ်မီနည်းပညာနှင့် ဒီဂျစ်တယ်ကမ္ဘာကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်စွမ်းရှိပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းကာ အပြုသဘောဆောင်သည့်ပြောင်းလဲမှုများကို ဖော်ဆောင်ပေးနိုင်ကြသူများဖြစ်သည်။ ဒီဂျစ်တယ်ကမ္ဘာတွင် သတင်းအချက်အလက်များ လျင်မြန်စွာစီးဆင်းနေမှုနှင့်အတူ တိုးတက်မှုများရှိသကဲ့သို့ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုများစွာလည်းရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ နည်းပညာကိုအသုံးပြုရာတွင် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် ဝေဖန်ပိုင်းခြားမှုရှိရန်၊ AI အသုံးပြုမှုကျင့်ဝတ်၊ ဆိုက်ဘာလုံခြုံရေးတို့ကို သတိထားရန်လိုသည်။ နိုင်ငံနှင့်လူမျိုး၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို ထိခိုက်စေသည့်လုပ်ရပ်များကိုရှောင်ကြဉ်ပြီး တာဝန်သိသည့် ဒီဂျစ်တယ်လူငယ်များအဖြစ် ရပ်တည်နိုင်ရန်လိုအပ်သည်။

တွေးခေါ်ဆင်ခြင်တီထွင်နိုင်စွမ်းရှိသည့် လူငယ်လူရွယ်များကို အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားသိမြင်ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စွမ်းရှိသည့် လူငယ်များဖြစ်အောင် လမ်းမှန်ညွှန်ပြတည့်မတ် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပြောင်းလဲတိုးတက်နေသည့် ကမ္ဘာကြီး၏ အသိုက်အဝန်းနှင့်လျော်ညီအောင် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်ရန်လည်း အလွန်အရေးကြီးသည်။ လူငယ်များအနေဖြင့် ခေတ်မီနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး မိမိနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့စရိုက်ကိုတန်ဖိုးထားကာ နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အဆင့်အတန်းကို ကမ္ဘာကသိအောင် မြှင့်တင်ပေးနိုင်သည့်၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသည့် လူငယ်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment