လူနေထူထပ်သော ရန်ကုန်မြို့လယ်မြို့နယ်များဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် သြဂုတ် ၉ ရက်မှ ၁၂ ရက်အထိ လေးရက်အတွင်း ဆေးရုံတက်လူနာစုစုပေါင်း ၁၈၀ ကျော်ရှိခဲ့ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သူ ၅၄ ဦးနှင့် သက်ကြီးပိုင်းအရွယ် သေဆုံးသူတစ်ဦးရှိကြောင်း သတင်းများအရသိရသည်။
မသန့်ရှင်းသည့်ရေ၊ မသန့်ရှင်းသည့်အစားအစာ၊ သန့်ရှင်းမှုမရှိသည့်ပတ်ဝန်းကျင်၊ ကျန်းမာရေးအသိပညာအားနည်းမှု စသည့်အခြေခံအကြောင်းတရားများက ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါတို့ အပါအဝင် အခြားသောကူးစက်ရောဂါများကိုပါ ဖြစ်ပွားစေနိုင်သည်။ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်လိုက်သည့်မစင်တွင်ပါဝင်နေပြီး မသန့်ရှင်းသောလက်၊ ယင်ကောင် စသည်တို့မှ အဆင့်ဆင့်သယ်ဆောင်ပြန့်ပွားကာ သောက်ရေသုံးရေ၊ ပန်းကန်ခွက်ယောက်နှင့် စားသောက်ဖွယ်ရာများထဲအထိရောက်ရှိရာမှ စားမိ၊ သောက်မိကြပြီး ရောဂါကူးစက်ပျံ့နှံ့ရခြင်းဖြစ်သည်။
ရန်ကုန်မြို့လယ်ရှိမြို့နယ်များသည် ယင်လုံအိမ်သာများကိုသာ သုံးစွဲသည့် ဒေသဖြစ်သော်လည်း အိမ်သာများသန့်ရှင်းစွာသုံးစွဲခြင်း ရှိ မရှိ၊ ရေနှင့်မိလ္လာစနစ်များ ကောင်းမွန်ခြင်း ရှိ မရှိ၊ အစားအစာများကိုင်တွယ်ချက်ပြုတ်ရာတွင်လည်းကောင်း၊ အစားအစာများတည်ခင်းရောင်းချရာတွင်လည်းကောင်း၊ သိုလှောင်သိမ်းဆည်းမှုများတွင်လည်းကောင်း ကျန်းမာရေးစံနှုန်းများနှင့်ကိုက်ညီမှု ရှိ မရှိ၊ အစားအသောက်ကိုင်တွယ်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးအသိပညာ ရှိ မရှိ စသည်တို့မှာ ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများအတွက် အထူးတလည် ဂရုပြုဖွယ်ပင်ဖြစ်သည်။
မသန့်ရှင်းသောလက်တွင် ကပ်ပါလာနိုင်သည့် မစင်ပမာဏအနည်းငယ် (တစ်ဂရမ်) တွင် လူကိုရောဂါဖြစ်ပြီး အသက်အန္တရာယ်ပြုနိုင်သည့် ဗိုင်းရပ်စ် ၁ဝ သန်းခန့်၊ ဗက်တီးရီးယားတစ်သန်းခန့်၊ သန်ကောင်၊ ဝမ်းကိုက်ပိုးကဲ့သို့သော ကပ်ပါး ၁၀၀၀ ခန့်၊ သန်ဥကဲ့သို့ ကပ်ပါးဥပေါင်း ၁၀၀ ခန့်ပါနေသည်ဟု ပညာရှင်တို့ကဆိုထားရာ လက်သန့်ရှင်းရန် မည်မျှအရေးကြီးသည်ကိုသိနိုင်သည်။ ထို့နည်းတူ မသန့်ရှင်းသည့်ရေကလည်း ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ ပိုလီယို စသည့်ဝမ်းနှင့်ပတ်သက်သည့်ရောဂါများဖြစ်နိုင်သည်။ မသန့်ရှင်းသည့်အစားအစာတွင် ရောဂါပိုးများသည် ယင်ကောင်၊ ပိုးဟပ်၊ ပုရွက်ဆိတ် စသည့်အင်းဆက်များ၊ ကြွက်၊ ကြောင်၊ ခွေး စသည့်တိရစ္ဆာန်များက သယ်ဆောင်လာခြင်း၊ မသန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်ချက်ပြုတ်ခြင်းနှင့် အစားအသောက်ပြင်ဆင်ခြင်း၊ မသန့်ရှင်းသောရေဖြင့် စိုက်ပျိုး ဆေးကြောထားသည့် ဟင်းသီးဟင်းရွက်များ၊ သားငါးနှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ချက်ပြုတ်သည့်ပစ္စည်းများနှင့် အိုးခွက်၊ ပန်းကန်များကို သုံးစွဲခြင်းတို့မှပါရှိလာပြီး ရောဂါပျံ့နှံ့စေသည်။ အိမ်သာများသည် ရောဂါဖြန့်ဖြူးသည့်နေရာများ မဖြစ်စေရန်အတွက် ယင်လုံရန်၊ အနံ့အသက်ကင်းရန်၊ သန့်ရှင်းရေးမှန်မှန်လုပ်ရန် သတိပြုကြရမည်ဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါကို တစ်ဦးချင်းတစ်ယောက်ချင်းအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မသန့်ရှင်းသောရေကို မသောက်မိ၊ မသုံးမိစေရန်၊ ယင်နားစာနှင့် မသန့်ရှင်းသည့်အစားအစာများကို မစားမိစေရန် ရှောင်ရှားကြရမည်ဖြစ်ပြီး အိမ်သာတက်ပြီးလျှင် လက်ကို ဆပ်ပြာ၊ သန့်ရှင်းသောရေတို့ဖြင့် စင်ကြယ်အောင်ဆေးကြောခြင်း၊ အစာမစားမီ လက်ကိုစင်ကြယ်အောင်ဆေးကြောခြင်း၊ အစားအစာများကို ပူပူနွေးနွေးစားသုံးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်းတို့ မဖြစ်မနေလိုအပ်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် Vibrio Cholerae ကဲ့သို့သော ကာလဝမ်းရောဂါပိုးကူးစက်ရာမှ ဖြစ်ပွားခြင်းဖြစ်ပြီး အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ရောဂါပြင်းထန်သောအခါ ခန္ဓာကိုယ်တွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာဆုံးရှုံးသွားခြင်းကြောင့် အရည်ခန်းခြောက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည့်ရောဂါလက္ခဏာများကိုတွေ့ရှိနိုင်သည်။ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူနိုင်ခြင်းမရှိပါက အသက်ဆုံးရှုံးစေနိုင်သည်။
မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးသော စီးပွားရေးမြို့တော်ကြီးဖြစ်သည့်ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါတို့ ဖြစ်ပွားသည့်သတင်းများ ထွက်ပေါ်လာခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် သတိပေးခေါင်းလောင်းသံများအဖြစ်မှတ်ယူကာ တစ်ဦးချင်းမှစ၍ မိသားစုအလိုက်၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် မိမိတို့နေထိုင်ရာနေရာများတွင် ကူးစက်ရောဂါကင်းစင်သည့် ပတ်ဝန်းကျင်များ ထူထောင်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment