Wednesday, August 19, 2026

ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကွင်းဆင်းစစ်ဆေး

 

နေပြည်တော် ဩဂုတ် ၁၈

အားကစားရေးရာဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြီးခဲ့သည့်ရက်ပေါင်း ၁၀၀ အတွင်း Football For School အစီအစဉ်များကို Pilot Project တစ်ခုအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့ မြို့မအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များစနစ်တကျတပ်ဆင်ထားရှိစေရေးနှင့် အားကစားကွင်းအတွင်း အားကစားလှုပ်ရှားမှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းနှင့် အားကစားခန်းမကြမ်းခင်းအသစ် ပြန်လည်ခင်းကျင်းရန် ကြမ်းခင်းဟောင်းများ ခွာထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီမြို့နယ် အခြေခံပညာ ကျောင်းပေါင်းစုံ အသက် (၁၄) နှစ်နှင့်အောက် မြို့နယ်ပညာရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အားကစားသမားများအတွက် အားဖြည့်အချိုရည်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အားကစား ဆပ်ကော်မတီဝင်များက တိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုက်ကြီးမြို့နယ် ဂျိုးဖြူအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment