နေပြည်တော် ဩဂုတ် ၁၈
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် လှည်းကူးမြို့နယ်မှ ဝါးနက်ကုန်း (မြောက်) ကျေးရွာ၊ အဝိုင်း (အထက်) ကျေးရွာနှင့် အင်းထားဝယ်ကျေးရွာတို့အတွက် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ စီ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် အလံဂပိုကျေးရွာအတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၃၀၀၊ သက်တန့်ရောင်စီမံကိန်းစနစ်ကျသော အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်မည့် ဟိုင်းကူးကျေးရွာ၊ ပိုက်ကြီးဝဲကျေးရွာနှင့် ငွေနံ့သာစံပြကျေးရွာတို့ကို မျိုးနှင့်သွင်းအားစုများ ဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၆၈၈ သိန်းတို့ကို ယနေ့လွှဲပြောင်းပေးအပ်သည်။
အဆိုပါ စီမံကိန်းထောက်ပံ့ငွေများကို သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လှည်းကူးမြို့နယ် ရဲမွန်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ထားသည့် ဦးစိုးနိုင်၏ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် Fun Hwa နို့စားနွားမွေးမြူရေးလုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးကြသည်။
အဆိုပါခရီးစဉ်အတွင်း သမဝါယမကောလိပ် (ဖောင်ကြီး) ၌ ကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ လှည်းကူးခရိုင်အတွင်းမှ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများကို သွားရောက်တွေ့ဆုံအားပေးပြီး ကောလိပ်ဝင်းအတွင်းရှိ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment