Saturday, August 15, 2026

အများပြည်သူရောဂါကင်းဝေးရေး ကာကွယ်ကုသဆောင်ရွက်ပေး

 


ယခုကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည့်သတင်းများကို ကြားသိနေရသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် လူနာပေါင်း ၁၈၂ ဦးရှိရာ ဝမ်းရောဂါပိုးတွေ့ရှိခဲ့သည့် လူနာ ၉၃ ဦးရှိသည်ဟု သိရသည်။ ထိုသို့ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုရှိနေသည်ဟုကြားသိရရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများစိုးရိမ်မှုမရှိအောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောလူနာများကို စနစ်တကျပြုစု စောင့်ရှောက်ကုသပေးလျက်ရှိသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ ယခုဩဂုတ်လ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လမ်းမတော်မြို့နယ်အတွင်းမှ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ အယောက် ၂၀၊ လသာမြို့နယ်အတွင်းမှ အယောက် ၂၀ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၄ ယောက် အစုလိုက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုသို့အစုလိုက်ဖြစ်ပွားလာသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုဇာစ်မြစ်ကိုရှာဖွေခဲ့သည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမူအနေအထိုင်အစားအသောက်တို့ကို စစ်ဆေးခဲ့ရာ အစားအသောက်မကောင်းခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မလိုက်နာခြင်းတို့ကို ယေဘုယျတွေ့ရှိခဲ့သည်။ ရောဂါဖြစ်ပွားမှုပတ်ဝန်းကျင်တွင် အများစုသည် လမ်းဘေးအသင့်စားအစားအစာများကို အလွယ်တကူစားသောက်ခဲ့ကြပြီး အစားအစာဆေးကြောသန့်စင်သည့်ရေမှာလည်း မသန့်ရှင်းသည်ကို တွေ့ရသည်။

မိုးဦးကျ၊ မိုးတွင်းကာလများတွင် သွေးလွန်တုပ်ကွေး၊ တုပ်ကွေးနှင့်ဝမ်းပျက် ဝမ်းလျှောရောဂါများမှာ အဖြစ်များပြီး ဖြစ်လေ့ဖြစ်ထရှိသည်။ သို့သော်အစုလိုက်အပြုံလိုက် ဖြစ်ပွားလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ရသော်လည်း ကျန်းမာရေးဝန်ကြီးဌာနက အထူးဂရုစိုက်ကာ စိုးရိမ်ဖွယ်ရာအခြေအနေမဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုမရှိစေရေးအတွက် အထူးဂရုစိုက်ကုသပေးလျက်ရှိသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကူးစက်ရောဂါဖြစ်သောကြောင့် ရောဂါဖြစ်ပွားသူနှင့်အတူ ၎င်းတို့၏မိသားစု၊ ပတ်ဝန်းကျင်နှင့်လူနာစောင့်များ၊ ကုသပေးသူများပါမကျန် ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းများကို အထူးဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ လူမှုကွန်ရက်များပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေလျက်ရှိသောကြောင့် စိုးရိမ်ပူပန်မှုဖြစ်နိုင်သော်လည်း လက်တွေ့တွင် ရောဂါကုသမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုတို့ကြောင့် ရောဂါဖြစ်ပွားမှုနှင့် ဆေးရုံတက်ရောက်ကုသမှု ကျဆင်းလာသည်ကိုတွေ့နိုင်သည်။ ဆေးရုံတက်လူနာများအနေဖြင့်လည်း ရောဂါသက်သာလာပြီဖြစ်၍ အချို့ဆိုလျှင် ဆေးရုံမှပင်ဆင်းနိုင်ပြီဖြစ်သည်။ ရောဂါထပ်မံမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ကြီးကြပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများအားလုံးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသင့်ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်သကဲ့သို့ အဓိကကျသည့် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ဖြစ်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူလူထု ကျန်းမာရေးအတွက် အရေးအကြီးဆုံးအချက်မှာ အစာသန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေးဖြစ်၍ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလုံးက အစားအသောက်နှင့် ရေသန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ ပြည်သူများ၏ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာပြီး မိသားစုအများစုသည် အသင့်စားအစားအစာများကို ရွေးချယ်ဝယ်ယူစားသောက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသည်ပင် ပြည်သူများ၏ ကျန်းမာရေးအတွက် စိန်ခေါ်မှုဖြစ်လာသည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ပူပူနွေးနွေးအစားအသောက်များကို စားသောက်ရန်နှင့် သန့်သန့် ရှင်းရှင်း အစားအသောက်နှင့် ပစ္စည်းများကို အသုံးပြုရန်လိုသည်။ အစားအသောက် ရောင်းချသူများကလည်း ပြည်သူများ၏ ကျန်းမာရေးကိုမထိခိုက်အောင် သန့်ရှင်းသောရေနှင့် အစားအစာများဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသော ရာသီအလိုက် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ မိုးရာသီကာလသည် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှုအဖြစ်များသောကာလဖြစ်သည်။ မိုးရာသီကာလတွင် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်နှင့် မသန့်ရှင်းသောအစားအစာ၊မလတ်ဆတ်သော အစားအစာများ၊ ယင်နားစာများနှင့်အမှည့်လွန်သောအသီးအနှံများကို သတိပြုစားသောက်ရန်လိုသည်။ ထို့အပြင်သန့်ရှင်းသောသောက်ရေ သို့မဟုတ် ရေကိုကျိုချက် သောက်သုံးရန်လိုသည်။

သို့ဖြစ်ရာ လတ်တလောဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက အထူးဂရုစိုက်လွှမ်းခြုံကာကွယ်ကုသပေးလျက်ရှိပြီး ဖြစ်ပွားနေသောအခြေအနေကိုလည်း ထိန်းချုပ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်၊ စားသောက်၊ လုပ်ကိုင်ဆောင်ရွက်မှုများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment