Saturday, August 15, 2026

နိုင်ငံတည်ဆောက်မှုတွင် အနုပညာစွမ်းပကားဖြင့် ပါဝင်

 

ယဉ်ကျေးမှုဟူသည် လူ့အဖွဲ့အစည်းတစ်ခုက ကာလရှည်ကြာစွာ စုပေါင်းဖန်တီးပြီး လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည့် လူနေမှုစနစ်တစ်ခုလုံးပင်ဖြစ်သည်။ သို့ဖြစ်ရာ မတူညီသည့် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို မြင်တွေ့နိုင်သည်။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုသည် လူ့အဖွဲ့အစည်းတစ်ခုကို သိသာထင်ရှားစေသည့် ဝိသေသလက္ခဏာလည်းဖြစ်သည်။

ယဉ်ကျေးမှုဆိုသည်မှာ အသိပညာ၊ ကိုးကွယ်ယုံကြည်မှု၊ အနုပညာ၊ ကိုယ်ကျင့်တရား၊ ဥပဒေ၊ ဓလေ့ထုံးတမ်းနှင့် လူ့အဖွဲ့အစည်းဝင် တစ်ဦးအနေဖြင့် ရရှိလာသော အခြားစွမ်းရည်၊ အလေ့အထများအားလုံး စုပေါင်းပါဝင်သည့် ရှုပ်ထွေးသောစုစည်းမှုကြီးဖြစ်သည် ဟူ၍လည်း ကောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ လူသားတစ်စု၏ အတိတ်သမိုင်းကြောင်းအရ ဖြစ်တည်လာသည့် လူမှုရေးဆိုင်ရာ အမူအကျင့်များ၊ အတွေးအခေါ်များနှင့် အလေ့အထများ စုစည်းမှုဖြစ်သည် ဟူ၍လည်းကောင်း မနုဿဗေဒရှုထောင့်၊ လူမှုဗေဒရှုထောင့်တို့မှ ဖွင့်ဆိုမှုများလည်းရှိသည်။ ထို့အပြင် ယဉ်ကျေးမှုဆိုသည်မှာ ကဗျာ၊ ပန်းချီကဲ့သို့ အနုပညာသက်သက် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခု၏ အထူးခြားဆုံးသော နေထိုင်မှုပုံစံတစ်ရပ်လုံးဖြစ်သည်ဟူ၍ နေ့စဉ်လူနေမှုဘဝနှင့် ယှက်နွှယ်၍ အဓိပ္ပာယ်ဖွင့်ဆိုသည်လည်းရှိသည်။

ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအသီးသီးတို့၏ တူညီသောအနှစ်သာရတို့မှာ လူသည် ယဉ်ကျေးမှုကို မွေးရာပါဗီဇအတိုင်းရလာခြင်းမဟုတ်ဘဲ မိမိမွေးဖွားရာ လူ့အဖွဲ့အစည်းအတွင်း ရှင်သန်နေထိုင်ရင်း သင်ယူရရှိလာရခြင်း၊ ယဉ်ကျေးမှုသည် တစ်ဦးတည်းပိုင်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးက စုပေါင်းပိုင်ဆိုင်မျှဝေကြခြင်း၊ မျိုးဆက်တစ်ခုမှတစ်ခုသို့ သင်္ကေတများနှင့် ဘာသာစကားတို့ကို အသုံးပြု၍ လက်ဆင့်ကမ်းသယ်ဆောင်ကြရခြင်းတို့ပင် ဖြစ်သည်။ ယဉ်ကျေးမှုကို အစိတ်အပိုင်း (၂) ရပ်အဖြစ် ခွဲခြားရာတွင် မျက်စိဖြင့် မြင်နိုင်၊ လက်ဖြင့်ကိုင်တွယ်နိုင်သော အဆောက်အအုံ၊ အသုံးအဆောင်၊ လက်နက်ကိရိယာ၊ အဝတ်အစား စသည့်ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှု၊ တန်ဖိုးထားမှု၊ ဓလေ့ထုံးတမ်းများနှင့် လူမှုရေးစံနှုန်းများ စသည့်စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဟူ၍ဖြစ်သည်။

“ရိုးရာယဉ်ကျေးမှုဆိုသည်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး စွမ်းအားရှိသည့် Soft Power ဖြစ်သည့်အတွက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် တန်ဖိုးထားလေးစားဂုဏ်ယူပြီး ထာဝရတည်တံ့အောင် ကာကွယ်စောင့်ရှောက်သွားမည်ဆိုသည့် ခိုင်မာသည့် မျိုးချစ်စိတ်ဓာတ်များ လိုအပ်ပါကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်သစ်သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်စွမ်းရှိကြသူများသည် အနုပညာရှင်များ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ဖျော်ဖြေသည့် နေရာတွင် မြန်မာ့ရိုးရာဓလေ့ထုံးစံနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းပြီး နိုင်ငံ၏ရေစီးကြောင်းပေါ် ပါလာအောင် ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့်အတွက် နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အနုပညာရှင်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း” နိုင်ငံတော်သမ္မတက နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Soft Power ဟုဆိုရာတွင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့မပါဘဲ အခြားသူတို့၏ စိတ်နှလုံးကို ဆွဲဆောင်ခြင်း၊ အတုယူချင်လာအောင် ပြုလုပ်ခြင်း၊ နှစ်သက်သဘောကျလာစေခြင်းတို့ဖြင့် မိမိတို့အလိုရှိရာရလဒ်ကို သိမ်မွေ့စွာ ရယူနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာ၊ ဓလေ့ထုံးတမ်း၊ အစားအစာ စသည်တို့ကဲ့သို့ ယဉ်ကျေးမှု၏ အစိတ်အပိုင်းများသည် လူတို့၏ အတွေးအခေါ်နှင့် နှစ်သက်မြတ်နိုးမှုများကို သိမ်မွေ့စွာပြောင်းလဲပေးနိုင်သည်။ ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်ခြင်းအားဖြင့် လူအချင်းချင်း အထင်အမြင်လွဲမှားမှုများ လျော့နည်းသွားစေပြီး အပြန်အလှန်ယုံကြည်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကောင်းများ အလွယ်တကူ တည်ဆောက်နိုင်သည်။ ဥပမာကိုရီးယားဒရာမာ ဇာတ်လမ်းတွဲများကြောင့် ကင်မ်ချီ၊ ပဲခေါက်ဆွဲ စသည့် ကိုရီးယားရိုးရာအစားအစာများကို မစားဖူးမီကတည်းက မြန်မာတို့သိရှိခဲ့ကြသလို ကိုရီးယားဇာတ်ဆောင်များမှတစ်ဆင့် ကိုရီးယားလူမျိုးများနှင့် ယဉ်ကျေးမှုတချို့ကိုပါ ရင်းနှီးခဲ့ကြသည့်နည်းတူပင်ဖြစ်သည်။

မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် မိမိတို့၏ ရေမြေပေါ်တွင် နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာခဲ့သော တန်ဖိုးထားအပ်သည့် နှုန်းစံယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံနှင့်လူမျိုးတို့၏ ဝိသေသလက္ခဏာများအဖြစ် အနာဂတ်သို့ မပျောက်မပျက် ဆက်လက်သယ်ဆောင်သွားကြရမည်ဖြစ်သည်။ ယင်းသို့ သယ်ဆောင်ရာတွင် အနုပညာကဏ္ဍနှင့် အနုပညာရှင်များ၏ စွမ်းပကားသည် သိမ်မွေ့သည့် စွမ်းအားများ ဖြစ်သည့်အလျောက် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာတို့ဖြင့် နိုင်ငံတည်ဆောက်မှုတွင် နိုးကြားတက်ကြွစွာ ပါဝင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment