Monday, August 17, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

 


မကွေး ဩဂုတ် ၁၆

မကွေးမြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာတစ်ရွာမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၂၇ စုမှ လူဦးရေ ၅၂၅ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဘူးများ၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် ကြက်ဥတို့ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ မြင်းကင်းကျေးရွာရှိ အလယ်ကျောင်းဓမ္မာရုံ ရေဘေးရှောင်စခန်း၌ ထောက်ပံ့ပေးအပ်ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက်အတွင်းရှိ ရေဘေးရှောင်စုရပ်နေရာနှင့် ရှင်ပင်ကြောင်လိမ်ဘုရား ရေဘေးရှောင်စုရပ်များသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ပင်များစိုက်ပျိုးရေး၊ ရေကျသွားပြီးနောက် မိမိတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်ချိန်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေကောင်းရေသန့်အသုံးပြုနိုင်ရေး၊ မြွေကင်းအစရှိသော အဆိပ်ရှိသတ္တဝါတို့၏ အန္တရာယ်သတိပြုကြရေး၊ ရေဝင်၍ ခေတ္တကျောင်းပိတ်ထားရသော မိမိတို့၏ရင်သွေးငယ်များကို ကျောင်းနေပျော်၍ စာတော်သော၊ လိမ္မာယဉ်ကျေးသော လူချွန်လူမွန်များဖြစ်စေရေး ပြုစုပျိုးထောင်ပေးရန်တို့ကို မှာကြားပြီး ရေဘေးရှောင်စုရပ်နှစ်ခုရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၈၉ စု၊ လူဦးရေ ၁၉၈၂ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဘူးများ၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် သောက်ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။

ယနေ့ထောက်ပံ့မှုတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် ၃၁၆ သိန်းကျော်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုရှိ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ငွေကျပ်သန်းပေါင်း ၂၉၀၀ ကျော်တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများကို ထောက်ပံ့ပေးထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment