Monday, August 31, 2026

(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ

 


နေပြည်တော် ဩဂုတ် ၃၀

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ပဉ္စမနေ့ကို နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။

ဦးစွာနံနက်ပိုင်းတွင် (၁၉) ကြိမ် မြောက်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲမှ အရေးပြိုင်ပွဲတွင် ပြည်သူညီတူ ကြည်ဖြူ စိတ်ဓာတ်ဆိုသော ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ၁၃ ဦးကလည်းကောင်း၊ အတီးပြိုင်ပွဲတွင် မြန်မာ့ဆိုင်းတစ်ဦးချင်းနှင့် ပတ္တလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခုနစ်ဦးက လျှပ်ပန်းခွေနွဲ့ယိုးဒယားသီချင်းဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ခေတ်ပေါ်တီးဝိုင်းမှ (အဖွဲ့လိုက်) ပြိုင်ပွဲကို ပြိုင်ပွဲဝင်အဖွဲ့ ခြောက်ဖွဲ့မှ မြိုင်ဆိုင် မြူးကြွလှသော တီးလုံးလက်သံများဖြင့် အသီးသီးတီးခတ်ယှဉ်ပြိုင်ကြသည်။

ညပိုင်းတွင် အငြိမ့်ပြိုင်ပွဲကို နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက ဆက်လက်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက် ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment