နေပြည်တော် ဩဂုတ် ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ
တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နှင့်အတူ
ဒုတိယအတွင်းရေးမှူးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့်
ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့
တွေ့ဆုံရာတွင် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား
အဆင့်မြင့်အရာရှိကြီးများကော်မတီ (9th High Level Committee - 9th HLC) အစည်းအဝေးကို
ထိုင်းနိုင်ငံတွင် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊
တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်သွားမည့်
အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့်
ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ
တားဆီးနှိမ်နင်းနေမှုအခြေအနေများ၊ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူများ၏ ၉၉
ရာခိုင်နှုန်းကျော်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်၍
နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ကာ
တားဆီးဆောင်ရွက်သွားမည့် အခြေအနေများ၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်
ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု
တားဆီးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ
တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည့်
အခြေအနေများ၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်ပေးပို့ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့်
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင်
ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်တို့သည်
လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး
အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment