Sunday, August 16, 2026

တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ လေ့လာ



နေပြည်တော် ဩဂုတ် ၁၅

ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် မြန်မာ နိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုး ညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများ အား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပင်ကြီး) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်း ပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်း၊​ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များသမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။

ထို့ပြင် ပြင်ပပြကွက်များ တွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း) ပြင်ပကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့် သံချပ်ကာများ၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့် အမြောက်များ၊ တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment