Sunday, August 16, 2026

နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်း ပြည်သူများ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို



နေပြည်တော် ဩဂုတ် ၁၅

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ပြီး တပ်ရင်း/တပ်ဖွဲ့အသီး သီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄) မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဩဂုတ် ၁၂ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏နေရပ် အသီးသီးသို့လည်းကောင်း ပြန်လည်စေလွှတ်ခဲ့ပြီးဖြစ်သည်။

ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦး ပီသစွာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများသည်လည်း ၎င်းတို့၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုကြောင့် ဂုဏ်ယူရမှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းရမှုကြောင့် ဝမ်းသာပျော်ရွှင်ရမှုတို့ဖြင့် လှပပြည့်စုံလျက်ရှိပြီး ၎င်းတို့၏ မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာကြည်နူးမှုများနှင့်အတူ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြုကြိုဆိုခြင်းကို ဆောင်ရွက်ကြသည်။

တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှု ထမ်းများအား မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍လည်းကောင်း၊ အိုးစည်ဒိုးပတ်များဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် မြင်ကွင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ရသည်။

အဆိုပါ နိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ် အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ် ကြပြီး ၎င်းတို့စစ်မှုထမ်းဆောင်စဉ်ကာလတစ်လျှောက် ရသင့်ရထိုက်သည့်အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင် အလုပ်အကိုင် (သို့မဟုတ်) အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သောအကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက် မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment