ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်သို့ ရောက်ရှိပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် ရင်းရင်းနှီးနှီးသီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်နိုင်ခဲ့သည်။ ယခုခရီးစဉ်တွင် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထပ်မံ၍လည်း ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ ထပ်မံချုပ်ဆိုရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန် အစဉ်ရပ်တည် ထောက်ခံအားပေးကြသည့်နိုင်ငံများဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံများ ဖြစ်ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှုများနှင့် အခြေခံတည်ဆောက်ထားသည့် ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်များမှ စတင်ပြီး မြန်မာ-ရုရှားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် အာကာသပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အရေးကြီးသည့်နယ်ပယ်ဖြစ်သည်။ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမား အများအပြား အပြန်အလှန်သွားလာနေကြသည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံ ကမ်းလွန်အပါအဝင် ရေနံတူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသည်။ ယခင်နှစ်က မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းသည် နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်သည်။ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း စီမံကိန်းအများအပြား ဆောင်ရွက်ရန် အလားအလာရှိသည်။
မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကို ဆွေးနွေးနေသည်။ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်နယ်ပယ်၊ ဆိုက်ဘာလုံခြုံရေးစသည့် အဆင့်မြင့်နည်းပညာနယ်ပယ်များတွင် ရုရှားကုမ္ပဏီများ၏ အဆိုပြုချက်အစီအစဉ် အများအပြားရှိသည်။ နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူထားသည့် ကိစ္စရပ်များ၊ သဘောတူညီချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ ရရှိပြီးဖြစ်သည့် တိုးတက်မှုများကို ထိန်းသိမ်းသွားရန်နှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်အတွက် ဆွေးနွေးသဘောတူညီနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် သံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ခဲ့သည့်ကာလမှစ၍ မျက်မှောက်ကာလအထိ ကာလရှည်လျားစွာ ထဲထဲဝင်ဝင် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ကာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း။ ။

No comments:
Post a Comment