Thursday, August 20, 2026

တရားဥပဒေစိုးမိုးရေး ပဓာနအုတ်မြစ် ခိုင်မာစေရန် ဖိဖိစီးစီးဆောင်ရွက်

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ရဲစခန်းများမှ ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ မှုခင်းကျဆင်းရေး၊ ဒုစရိုက်မှုများကင်းစင်ရေးတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများအား မှုခင်းအသိပညာပေးဟောပြောခြင်း၊ နေအိမ်များသို့သွားရောက်၍ မှုခင်းအသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ယာဉ်ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခြင်း၊ လှည့်ကင်းများလှည့်လည်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတင်းတွင်ဖော်ပြခဲ့သည်။

အခြားမြို့ရွာအသီးသီးတို့တွင်လည်း ဥပဒေပညာပေးမှုများ၊ မှုခင်းကျဆင်းရေး၊ ဒုစရိုက်မှုကင်းစင်ရေးဆောင်ရွက်မှုများ၊ ပြည်သူဗဟိုပြုရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြသည့် သတင်းများကို တွေ့ရှိရသည်။ အများပြည်သူတို့၏ နေ့စဉ်လူမှုဘဝများလုံခြုံရေး၊ ရပ်ရွာများအေးချမ်းသာယာရေးတို့အတွက် တရားဥပဒေစိုးမိုးရန်လိုသည်။ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးမှုကို အလိုရှိကြသည်။ တစ်နည်းအားဖြင့် ပြည်သူလူထုသည် တရားဥပဒေ၏အရိပ် အာဝါသအောက်တွင် လုံခြုံစိတ်ချစွာ၊ အေးချမ်းစွာဖြင့် ပရိယေသနဝမ်းစာရှာဖွေလိုခြင်း၊ နေထိုင်လိုကြခြင်းဖြစ်သည်။ 

မြို့ပြဒေသများမှာ လူဦးရေများပြားပြီး လူနေထူထပ်သည့် ဒေသများဖြစ်သည့်အလျောက် သဘာဝအားဖြင့် အမှုအခင်းလည်း ထူပြောလေ့ရှိသည်။ သို့ဖြစ်ရာ မြို့ပြဒေသများတွင် တရားဥပဒေစိုးမိုးရေးကို ဖိဖိစီးစီးဆောင်ရွက်သည်နှင့်အမျှ အမှုအခင်းမဖြစ်မီ ကြိုတင်ကာကွယ် ရာရောက်ပြီး ရာဇဝတ်မှုခင်းများကျဆင်းလာမည်ဖြစ်သည်။ ဤသို့မဟုတ်ဘဲ အသေးအဖွဲအမှုများမှစကာ မျက်ကွယ်ပြုလျစ်လျူရှုထား လိုက်မည်ဆိုပါက မြို့လယ်ကောင်ပလက်ဖောင်းပေါ်မှာပင် ပေါ်ပေါ်ထင်ထင် ပြစ်မှုကျူးလွန်ကာ ဥပဒေစိုးမိုးရေးဘက်တော်သားတို့ကို စိန်ခေါ်သည့်ဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာမည်ဖြစ်သည်။

နိုင်ငံတော်၏တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် တရားဥပဒေစိုးမိုးရေးသည် အခြေခံအကျဆုံးပဓာနကျသည့် အုတ်မြစ်ဖြစ်သည့်အတွက် ဥပဒေအသိပညာလူတိုင်းသိရှိနားလည်စေရန် မိမိကိုယ်တိုင်အစိုးရအဖွဲ့ကိုလမ်းညွှန်ချက်ပေးပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်းနှင့် နယ်မြေဒေသအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဖိဖိစီးစီးကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် အဂတိလိုက် စားမှုများကင်းရှင်းစေရန် အစိုးရအဖွဲ့၀င်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး စိတ်ထားမှန်ကန်စွာ လုပ်ဆောင်ကြရန်လည်း အထူးလိုအပ်ပါကြောင်းဟူ၍ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူလူထုအနေဖြင့် ဥပဒေပညာကို လူတိုင်းသိရှိနားလည်ကြရေး ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ အဖွဲ့အစည်းများအားလုံး တာဝန်ကျေပွန်ကြရန်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့်လည်း မိမိတို့နေထိုင်ရာရပ်ရွာများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဥစ္စာရင်လို၊ ဥစ္စာရင်ခဲဆိုသကဲ့သို့ မိမိတို့ကိုယ်တိုင်က ဦးစွာကြိုတင်ကာကွယ် ဆောင်ရွက်ကြရန်လိုသည်။ ရပ်ကွက်အလိုက်၊ လမ်းများအလိုက်၊ အိမ်ရာများအလိုက် စသည်ဖြင့် နေထိုင်သူများအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ စုပေါင်းတာ၀န်ယူခြင်း၊ စုပေါင်းကာကွယ်ခြင်း၊ အပြန်အလှန်စုပေါင်းစောင့်ရှောက်ခြင်းတို့ဖြင့် ရပ်ရွာလုံခြုံရေးကို မြှင့်တင်ထားကြရမည်ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသအေးချမ်းသာယာရေးဆောင်ရွက်မှုများတွင် မိမိတို့တတ်စွမ်းသည့်ဘက်မှ ပူးပေါင်းကူညီဆောင်ရွက်ကြရန်လိုသည်။ ရပ်ရွာနေပြည်သူလူထု၏ နိုးကြားတက်ကြွသောအသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်မှုများက မှုခင်းများကျဆင်းရေးနှင့် ဒုစရိုက်မှုများကင်းစင်ရေးအတွက် ကြီးမားသည့်အထောက်အကူများကို ဖြစ်စေသည်။ ဒုစရိုက် မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူနိုင်ခဲ့သည့် ရာဇဝတ်မှုခင်း ကြီး/ငယ်များစွာတို့ရှိနေရာ မှုခင်းကျဆင်းရေးတွင် ပြည်သူလူထု တက်တက်ကြွကြွပါဝင်လာစေရန် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ရပ်ရွာများအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်တို့ အတင့်ရဲနေပါက ရပ်ရွာအေးချမ်းသာယာမှုကိုထိခိုက်စေပြီး ပြည်သူလူထု၏ တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်ကိုးစားမှုကိုလည်း လျော့နည်းကျဆင်းစေသည်။ ဥပဒေချိုးဖောက်၍ ရပ်ရွာအေးချမ်းသာယာမှုအပေါ် အနှောင့်အယှက်ပြုသူ၊ ဒုစရိုက်မှုကျူးလွန်သူတို့ကို ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူနှိမ်နင်းခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့ မြင့်မားပါစေကြောင်း။ ။

No comments:

Post a Comment