သိင်္ဃသူ
(ယမန်နေ့က အဆက်)
သြဂုတ် ၂၀ ရက်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်မှာ ပြီးဆုံးပြီဖြစ်သည်။ ရှေ့ဆက်ရမည့် ခရီးသည် တည်နေရာအားဖြင့် အလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှု အပြည့်အဝရှိသည့် မိတ်ဆွေစစ်နိုင်ငံဖြစ်သည့် ဘယ်လာရုစ်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ၏ခရီးစဉ်ကို ဂုဏ်ပြုသောအားဖြင့် ရေးသားလျက်ရှိသည့် ဤဆောင်းပါး၏ခေါင်းစဉ်ကိုလည်း ပြောင်းရပေတော့မည်။
ဘယ်လာရုစ်နိုင်ငံသည်
အရှေ့ဥရောပဒေသတွင် တည်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော
ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
နိုင်ငံအကျယ်အဝန်း စတုရန်းကီလိုမီတာ ၂၀၇၆၀၀ ရှိပြီး လူဦးရေခန့်မှန်းခြေ ၉ ဒသမ ၁ သန်းရှိသည်။
ဘယ်လာရုစ်နှင့် ရုရှားဘာသာစကားတို့ကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။
သမပိုင်းရာသီဥတုရှိပြီး
ဆောင်းရာသီတွင် အလွန်အေး၍ နှင်းများဖုံးလွှမ်းလျက်ရှိကာ နွေရာသီတွင် မျှတသောအပူချိန်ကို
ရရှိသည်။ နိုင်ငံ၏ဧရိယာအများစုကို သစ်တောများ၊ ကာကွယ်ထားသည့် အမျိုးသားဥယျာဉ်၊ ရေကန်များနှင့်
ဖွဲ့စည်းထားပြီး သဘာဝရှုခင်းများလှပသည်။ ဘယ်လိုဗိုဇ် ကာယာ သစ်တော (Belovezhskaya
Forest) သည် ဥရောပကျွဲရိုင်း (Bison) များ ကျက်စားလျက်ရှိခြင်းကြောင့် နာမည်ကျော်သည်။
နိုင်ငံ၏မြို့တော်ဖြစ်သော မင့်စ် (Minsk ) သည် နိုင်ငံ၏ဗဟိုအချက်အချာ Svislach မြစ်ကမ်းနံဘေးတွင်
တည်ရှိသည်။ ဘယ်လာရုစ်နိုင်ငံသည် စက်မှုနိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊
စိုက်ပျိုးရေးတို့တွင် အဆင့်မီနည်းပညာရပ်များကို ပိုင်ဆိုင်ထားသည်။
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှု၊
မြို့ပြများသန့်ရှင်းမှု၊ လမ်းပေါ်ရာဇဝတ်မှုများနည်းပါးမှု၊ လူနေမှုစရိတ်သက်သာမှု၊
ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အခမဲ့/ နည်းပါးမှုတို့ကြောင့် စိတ်နှလုံးမွေ့လျော်ဖွယ်
ထိုနိုင်ငံမှာ ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ ရပ်တည်သည်ဟူသော အကြောင်းပြချက်ဖြင့်
အနောက်ဥရောပနိုင်ငံများအုပ်စုက အပြင်းအထန်ပိတ်ဆို့ထားမှု၊ ဘဏ်လုပ်ငန်းများကို ကန့်သတ်ထားမှုတို့နှင့်
ရင်ဆိုင်နေရသည်။ ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးကို ၁၉၉၉
ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုသက်တမ်း ၂၇
နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန်
နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံ
မင့်စ်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား
လူကာရှန်ကို၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည်
ဘယ်လာရုစ်နိုင်ငံသမ္မတ၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့်
တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍
နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့်
စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ
ဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံး ဖွင့်လှစ်ခြင်းအခမ်းအနားနှင့်
မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့သို့လည်း တက်ရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတ
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅
မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်နိုင်ငံ
ဒုတိယ၀န်ကြီးချုပ် H.E. Mr. Viktor Karankievch၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
H.E. Mr. Sergey Lukashevich တို့က ဦးဆောင်၍ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့်
နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
မင့်စ်မြို့သည်
မြန်မာတို့နှင့် စိမ်းမနေသည့် မြို့ဖြစ်သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဘယ်လာရုစ်နိုင်ငံ
သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ မြန်မာနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ကို
ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ရှိ အရှည် ၃ ဒသမ ၈ ကီလို မီတာရှည်လျားပြီး
ဘဏ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများတည်ရှိသော မြို့တွင်းလမ်းတစ်လမ်းကို ဘယ်လာရုစ်နိုင်ငံ၏မြို့တော်
မင့်စ် (Minsk) ကို အစွဲပြုကာ မင့်စ်လမ်း (Street MINSKAYA) ဟူ၍ အမည်ပေးထားခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။
ဘယ်လာရုစ်နိုင်ငံ၏
မြို့တော်ဖြစ်သော မင့်စ်သည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံပညာဆိုင်ရာတို့၏
အချက်အချာဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ကျူးကျော်လာသူ နာဇီဂျာမနီကို အပြင်းအထန်တွန်းလှန်ခဲ့ခြင်းကြောင့်
သူရဲကောင်းမြို့ (Hero City) ဟူ၍ နာမည်ကျော်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြို့သည်လည်း
ထောင်းထောင်းကြေပျက်စီးခဲ့ရပြီး ဆိုဗီယက်စတိုင် မြို့ပြစီမံကိန်းများဖြင့် မြို့တော်ကို
လှပစွာပြန်လည်တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ လူဦးရေ ၂ သန်းခန့်နေထိုင်ကြသည့် မင့်စ်မြို့သည်
ပန်းခြံများ၊ ရေကန်များနှင့် စိမ်းလန်းစိုပြည်မှု၊ သန့်ရှင်းမှု၊ ဘေးကင်းလုံခြုံမှု၊
လူနေမှုစရိတ်သက်သာမှုတို့နှင့်ပတ်သက်၍ နာမည်ကောင်းရှိသည့် မြို့တော်ဖြစ်သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ
မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ
ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ဒေသစံတော်ချိန် နံနက်
၁ဝ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ President ဟိုတယ်၌ ဂါရ၀ပြုတွေ့ဆုံသည်။
နိုင်ငံတော်သမ္မတနှင့်
ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်ဝန်ကြီးချုပ်က
နိုင်ငံတော်သမ္မတကြီး၏ ဘယ်လာရုစ်ခရီးစဉ်ကို ဘယ်လာရုစ်နိုင်ငံက လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုပါကြောင်း အစချီပြီး မိမိတို့သမ္မတကြီးနှင့် အဆွေတော်သမ္မတကြီးတို့ ပုဂ္ဂိုလ်ရေးအရ
ခင်မင်ရင်းနှီးကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများကို ပိုမိုတိုးတက်ခိုင်မာအောင်
အလေးထားဆောင်ရွက်နေသည်ကို မိမိတို့သိရှိပါကြောင်း၊ မြန်မာ- ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ
လမ်းပြမြေပုံ (၂၀၂၆- ၂၀၂၈) ကိုလည်း ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေရေးအတွက်
ဆွေးနွေးဆောင်ရွက်သွားပြီး အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
နိုင်ငံတော်သမ္မတက
ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို
ဘယ်လာရုစ်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုသည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်းနှင့်
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှတွင် ဘယ်လာရုစ်နိုင်ငံ၏
မိတ်ဆွေရင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
သြဂုတ် ၂၀ ရက်
ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို့ President ဟိုတယ်၌ မြန်မာ- ဘယ်လာရုစ်စီးပွားရေးဖိုရမ်ကို
ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ယင်းသို့ ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊
မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်ဥပဒေတို့နှင့်အညီ အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ပြင်
မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ
မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များကို
လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား
လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများ
မြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး
ဆောင်ရွက်နေမှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ၊
အကောက်အခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊
ပို့ကုန်ချေးငွေမူဘောင် သဘောတူညီချက်များအပါအဝင် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့်
ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်/ စာချွန်လွှာများကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း။
အထူးသဖြင့် နှစ်နိုင်ငံအကြား
ရင်းနှီးမြှုပ်နှံမှုအပါအဝင် နယ်ပယ်စုံ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်
တိုးမြှင့်နိုင်ရန်အတွက် မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ
လမ်းပြမြေပုံ (၂၀၁၆-၂၀၂၈) ကိုလည်း ရေးဆွဲအတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်
ပြည်တွင်းထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရာတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ
ရေးဆွဲပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများသာမက မူပိုင်ခွင့်ဥပဒေ (၄) ရပ်ကို
အပြည့်အဝအကောင်အထည်ဖော်နေပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဖန်တီးထုတ်လုပ်သည့်
ထုတ်ကုန်များအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်များပါရရှိပြီဖြစ်ကြောင်းတို့ကို
ပြောကြားကာ မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့် လူသားအရင်းအမြစ်၊ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းနိုင်မှုအခြေအနေတို့ကို
ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာသည့်
စက်မှုနှင့်နည်းပညာစွမ်းရည်များကို မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့်ပေါင်းစပ်ပြီး
နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကို အတူတကွဆောင်ရွက်ရန်ဖြစ်ကြောင်း၊
ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး
လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို
မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုပြီး ဘယ်လာရုစ်လုပ်ငန်းရှင်များအား
ဖိတ်ခေါ်ခဲ့သည်။
ဘယ်လာရုစ်နိုင်ငံသည်
ဓာတ်မြေသြဇာနှင့် ဓာတုဗေဒလုပ်ငန်းထွန်းကားသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ပိုတက်ရှ်
(Potash) ဓာတ်မြေသြဇာထုတ်လုပ်သည့် အဓိကနိုင်ငံတစ်ခုဖြစ်သည်။ ယင်းကဏ္ဍသည် တိုင်းပြည်
GDP ၏ ၅ ရာခိုင်နှုန်းနှင့် ပို့ကုန်ဝင်ငွေ၏ ၇ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် လယ်ယာသုံးစက်ကိရိယာများ၊
အကြီးစားမော်တော်ယာဉ်များ၊ ရေနံချက်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့သည်
နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သည်။ ယခုနှစ် ပထမ (၇) လပတ်အတွင်း ဘယ်လာရုစ်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး
(GDP) သည် ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာသည်ဟုသိရသည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ သြဂုတ် ၂၀ ရက်
ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့ရှိ Grodno Azot ဓာတ်မြေသြဇာစက်ရုံသို့
ရဟတ်ယာဉ်များဖြင့် သွားရောက်လေ့လာသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မင့်စ်မြို့မှ
Grodno မြို့သို့ သွားရာလမ်းတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊
လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှုအခြေအနေများကို
ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှုလေ့လာကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
Grodno မြို့လေဆိပ်သို့ ရောက်ရှိကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများက
ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် လေဆိပ်မှတစ်ဆင့် ဓာတ်မြေဩဇာစက်ရုံသို့
မော်တော်ယာဉ်များနှင့် ဆက်လက်ထွက်ခွာရောက်ရှိခဲ့ကြရာ စက်ရုံအတွင်းရေးမှူးချုပ်နှင့်
တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များ
သွားရောက်ကြည့်ရှုလေ့လာခဲ့သည့် အဆိုပါ Grodno Azot ဓာတ်မြေသြဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ
Grodno မြို့တွင်တည်ရှိပြီး ၁၉၆၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော ဥရောပတိုက်၏ အကြီးဆုံးနိုက်ထရိုဂျင်
အခြေခံဓာတ်မြေသြဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်သည့် နိုင်ငံပိုင်စက်ရုံကြီးတစ်ရုံဖြစ်သည်။
အဆိုပါစက်ရုံသည် အမိုးနီးယား၊ ယူရီးယားနှင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာအမျိုးမျိုးကို
အဓိကထုတ်လုပ်ပြီး ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးနေသည့်အပြင် ကမ္ဘာနိုင်ငံများစွာသို့လည်း
တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
(ဆက်လက်ဖော်ပြပါမည်)



No comments:
Post a Comment