Saturday, August 22, 2026

အနေဝေးသော်လည်း သွေးမဝေးသော ယုံကြည်စိတ်ချအားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ


 

မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၄၅ ရက်အကြာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၈ နှစ်ရှိပြီဖြစ်သည်။ နှစ်ပေါင်း ၇၈ နှစ်တာကာလအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှာ တစ်စထက်တစ်စ မြင့်မားတိုးတက်လာခဲ့သည်။ မြန်မာ-ရုရှားနှစ်နိုင်ငံသည် ပထဝီအနေအထားအရ သမုဒ္ဒရာများ၊ တိုက်ကြီးများ ခြားနားနေသော်လည်း သွေးချင်းနီးသည့် ညီအစ်ကိုအရင်းအချာ မိတ်ဆွေသူငယ်ချင်းကဲ့သို့ ဆက်ဆံနေထိုင်လျက်ရှိသည်။ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ်အခြေခံပြီး နီးကပ်သည့်ဆက်ဆံရေးကို တည်ဆောက်လာခဲ့သည်မှာ စိန်ရတုကာလကိုပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။



မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးသည့် မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေသည်။ ပထဝီနိုင်ငံရေးအရသာမက စီးပွားရေးအရ အလွန်အရေးပါသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ရုရှားနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ရုရှားနိုင်ငံနှင့် နှစ်ပေါင်းရှည်ကြာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုတို့ဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းမြှင့်တင်လာခဲ့ရာ မျက်မှောက်ကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိလာသည်။ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံအစိုးရများအကြား ဆက်ဆံရေးသာမက နှစ်နိုင်ငံပြည်သူများနှင့် စီးပွားရေးအသိုက်အဝန်းများအကြားတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများပင်ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၁၉ ရက်တွင် ၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ “ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးသည် Supply Chain ပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် အခွင့်အလမ်းသစ်များပေါ်ပေါက်လျက်ရှိပါကြောင်း၊ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့ပထဝီစီးပွားရေးစိန်ခေါ်မှုများ မြင့်မားနေသည့်ကာလအတွင်းမှာပင် အပြန်အလှန်နားလည်ယုံကြည်မှုတို့ဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို အခြေပြုပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုများသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အနာဂတ်မျှော်မှန်းချက်များအတွက် အဓိကကျသည့် အင်အားများဖြစ်ပါကြောင်း” ဦးစွာပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားမှုများမှာ စိတ်ဝင်စားစရာဖြစ်သည်။

အရင်းအမြစ်များပိုင်ဆိုင်

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များစွာရှိသည်။ လူသားအရင်းအမြစ်များ မြှင့်တင်ရေးတွင် ရုရှားနိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်မှစတင်ပြီး မြန်မာကျောင်းသား ၇၀၀၀ ကျော်ကို နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုစသည့် ပညာရပ်များသင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုသည့် မုတ်သုံရာသီရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ၁၂ လရာသီ လုပ်ကိုင်နိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များအသုံးပြုကာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေအောက်သယံဇာတကိုအခြေခံပြီး သန့်စင်ထားသည့် တန်ဖိုးမြှင့်သတ္တုထုတ်ကုန်များကို ထုတ်လုပ်နိုင်သည်။ ကြေးနီ၊ ရွှေ၊ ငွေနှင့် အခြားသတ္တုပစ္စည်းများထွက်ရှိသည်။ ဒေသအချို့တွင် ကျောက်မီးသွေးထွက်ရှိသဖြင့် ကျောက်မီးသွေးကို အခြေခံသည့် လျှပ်စစ်ဓာတ်အားနှင့် မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများဆောင်ရွက်နိုင်သည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးအနှစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အဝတ်အထည်များကို ရုရှားနိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို အဓိကတင်သွင်းသည်။ မြန်မာ့ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းသည် ဈေးကွက်ဝင်ထိပ်တန်းဆန်အမျိုးအစားဖြစ်သည်။ လက်ရှိတွင် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လယ်ယာကဏ္ဍ၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့တွင် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ဒီဂျစ်တယ်လမ်းပြမြေပုံ

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲရန်၊ သင့်တော်သည့်မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဖိတ်ခေါ်လျက်ရှိပြီး ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပေးနေသည်။၊ ဥပမာ လျှပ်စစ်သုံးယာဉ်(EV)များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိသည်။ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိပြီး မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် ခိုင်မာသည့် ပြည်တွင်းစျေးကွက်ရှိသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အာဆီယံနိုင်ငံများ၏ ကြီးမားသည့် နိုင်ငံတကာဈေးကွက်ထဲသို့ ကုန်းလမ်းကြောင်းသာမက ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့တစ်လျှောက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများမှတစ်ဆင့် ဝင်ရောက်နိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် မဟာဗျူဟာမြောက်တစ်ခုတည်းသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဗဟိုချက်/ ဆုံချက် (Choke Point) ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးဈေးကွက်များဖြစ်သည့် လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံရှိသည့် တရုတ်နိုင်ငံအပြင် လူဦးရေသန်း ၆၆၀ ကျော်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်လျက်ရှိသည့် အရှေ့တောင်အာရှနှင့် အာရှဈေးကွက်နှစ်ခုကို တံတားသဖွယ်ဆက်သွယ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ရက်၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့၏ အလယ်ဗဟိုတွင်တည်ရှိနေသည်။ ပထဝီအနေအထားအရ ဒေသတွင်း၌ အရေးပါသည့် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များမှတစ်ခုဖြစ်သည့် Regional Comprehensive Economic Partnership (RCEP)တွင် မြန်မာနိုင်ငံပါဝင်နေသည့်အတွက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ စသည့်နိုင်ငံများနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု အခွင့်အလမ်းများ ပိုင်ဆိုင်ထားသည်။

တန်ဖိုးမြှင့်ကုန်ထုတ်လုပ်

 မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိပြီး သဘာဝသယံဇာတနှင့် ရေချို၊ ရေငန်အရင်းအမြစ်များပေါများသည်။ မွေးမြူရေးထုတ်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ပြီး အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံသို့လည်း တင်ပို့နိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ တည်နေရာ အားသာချက်များကို အခြေပြုပြီး စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုနိုင်ငံအဖြစ် ဦးတည်ဖော်ဆောင်နေသည်။ ထို့ကြောင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာ၊ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများနှင့် ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိသည်။ ရုရှားနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့်ပူးပေါင်း၍ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ စားသုံးဆီ၊ စားသောက်ကုန်၊ ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်း၊ လိုအပ်သည့်စက်ယန္တရားများ ထုတ်လုပ်ခြင်းစသည့် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ အလားတူ အအေးခန်းသိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများရှိသည်။

အထူးသဖြင့် ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံထွက်ပစ္စည်းများနှင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အထောက်အပံ့ကောင်းများရှိသည်။ မြန်မာနိုင်ငံတွင် အဓိကမြစ်ကြီး လေးခုအပါအဝင် မြစ်ချောင်း ၁၀၀၀ ကျော်ရှိပြီး နှစ်စဉ်မုတ်သုံမိုးရွာသွန်းမှုသည် မီလီမီတာ ၂၀၀၀ မှ ၅၀၀၀ အကြားရှိသည့်အတွက် ရေအားလျှပ်စစ်ထုတ်ယူရန် အလားအလာကောင်းများရှိသည်။ သုတေသနပြုချက်များအရ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု အလားအလာအနေဖြင့် ၁၀၀ ဂစ်ဂါဝပ်ရှိပြီး စီးပွားဖြစ်ထုတ်ယူနိုင်မှုအလားအလာအနေဖြင့် ၄၀-၅၀ ဂစ်ဂါဝပ်ရှိသည်။ နေရောင်ခြည်စွမ်းအင်လုံလောက်စွာရရှိသည့် “အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်း” အတွင်း ကျရောက်နေသဖြင့် အလားအလာအကောင်းဆုံးဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံးပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/ year)အထိ ထုတ်လုပ်နိုင်စွမ်းရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများသည် ဆိုလာစွမ်းအင်ကို တစ်နှစ်ပတ်လုံး အမြင့်ဆုံးထုတ်ပေးနိုင်သည့် နေရာများဖြစ်သည်။

ခရီးသွားလုပ်ငန်းမြှင့်တင်

ခရီးသွားလုပ်ငန်းတွင် နေပြည်တော်၌ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကျောက်စာရုံစေတီများ၊ ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားသော ရွှေတိဂုံစေတီတော်၊ ပဲခူးမြို့တွင် တောင်ငူခေတ် ကမ္ဘောဇသာဒီနန်းတော်ရာ၊ မန္တလေးမြို့တွင် ကုန်းဘောင်ခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး စသည့်လေ့လာလည်ပတ်စရာ နေရာများစွာရှိသည်။ မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပင်လယ်ကမ်းခြေများရှိပြီး ရာသီဥတုမျှတကောင်းမွန်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ကာလများသည် လာရောက်လည်ပတ်အနားယူရန် အကောင်းဆုံးအချိန်များဖြစ်သည်။ အမျိုးသားအမွေအနှစ်နယ်မြေများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး၊ ပုဂံ၊ အင်းဝစသည့် ရှေးဟောင်းယဉ်ကျေးမှုနေရာများသည် သမိုင်းအစဉ်အလာကြီးမားပြီး စိတ်ဝင်စားဖွယ်ယဉ်ကျေးမှုများ၊ လှပသည့်ရှုခင်းရှိရာနေရာများဖြစ်သည်။ ပြည်ဝင်ခွင့်နှင့်ပတ်သက်ပြီး ရုရှား-မြန်မာ သံတမန်နှင့် အထူး/ ဝန်ထမ်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ရက်ပေါင်း ၉၀ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ရရှိစေမည့် အပြန်အလှန်ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်အသက်ဝင်ပြီး အလုပ်လုပ်ကိုင်ရန်၊ ပညာသင်ရန်၊ အမြဲတမ်းနေထိုင်ရန် စသည့်ရည်ရွယ်ချက်များမှအပ ခရီးသွားလည်ပတ်သူများအတွက် ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးဝန်းကျင်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အားကောင်းနေသည်။ ဒီဂျစ်တယ်နည်းပညာတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းတွင် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ အိုင်စီတီနည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့်အကြီးမားဆုံး ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပြင်ဦးလွင်မြို့အနီးတွင် ဖွင့်လှစ်ထားသည်။ ပြင်ဦးလွင်မြို့သည် သင့်တင့်မျှတသည့် ရာသီဥတု၊ သာယာလှပသည့် ပတ်ဝန်းကျင်များရှိသည့်အတွက် အနားယူအပန်းဖြေစရာ တောင်ပေါ်မြို့တော်ဟု ထင်ရှားသည်။ ရတနာပုံဆိုက်ဘာစီးတီးတွင် မြန်မာနိုင်ငံ၏ အဓိကအင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ဗဟိုဌာနတစ်ခုကို Yadanarpon Teleport က တည်ဆောက်ထားသည်။ စီမံကိန်းဧရိယာသည် ၄၀၄၇ ဟက်တာခန့် ကျယ်ဝန်းသည့်အတွက် အိုင်တီလုပ်ငန်းသစ် (Startups) များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ၊ လုပ်ငန်းစတင်ပျိုးထောင်ရေးဗဟိုဌာနများ၊ ပညာရေးဇုန်ဖြစ်သည့် နည်းပညာတက္ကသိုလ်များနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။ နည်းပညာနှင့်ပတ်သက်သည့် ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် High-Tech Zone အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။ ထို့ကြောင့် အစိုးရဝန်ဆောင်မှုများအား ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု AI အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတို့တွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည်။

မဟာဗျူဟာမြောက်စီမံကိန်း

မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာတွင် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များသာမက လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှုစီမံကိန်းများလည်း ထူထောင်ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များရှိသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်ပြီး ပင်လယ်ရေကြောင်းရှိသည့်အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းများနှင့် ကုန်ထုတ်မှုလုပ်ငန်းများဆောင်ရွက်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အနာဂတ်တွင် မဟာဗျူဟာမြောက်အရေးပါသည့် နေရာဖြစ်လာမည်ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးစီမံကိန်းအပြင် LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ကိုအခြေခံသည့် အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၏အရေးပါသည့် သတ္တုသယံဇာတများနှင့် သဘာဝအရင်းအမြစ်များကို ခေတ်မီတူးဖော်ရေး နည်းပညာများအသုံးပြုထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်းလုပ်သားများ၏ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်ဖြစ်သည်။

အခွင့်အလမ်းများဖန်တီး

ဘဏ်လုပ်ငန်း၊ ငွေကြေးလဲလှယ်မှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံ၏ အစိုးရဘဏ်ခုနစ်ခုနှင့် ပုဂ္ဂလိကဘဏ် ၂၅ ခုတို့သည် နိုင်ငံတကာဘဏ်များ၊ အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ ငွေကြေးလဲလှယ်မှုများကို ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်များ ပိုမိုလွယ်ကူချောမွေ့စေရန် လုပ်ငန်းရှင်များအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရုရှားနိုင်ငံ၏ ငွေပေးချေမှုစနစ်ဖြစ်သည့် Mir Card System ကို မြန်မာနိုင်ငံ၏ Myanmar Payment Union (MPU) ကွန်ရက်နှင့် တိုက်ရိုက် Host-to-Host ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေပြီး စီးပွားရေးလုပ်ငန်းများအတွက် ငွေလွှဲပြောင်းမှု ကုန်ကျစရိတ်များလျှော့ချနိုင်ရန် ကျပ်-ရူဘယ် တိုက်ရိုက်အသုံးပြု ငွေပေးချေမှုများ စတင်ဆောင်ရွက်နိုင်ပြီဖြစ်သည်။ အဆိုပါစနစ်သည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းရန် အထောက်အကူပြုစေနိုင်မည်ဖြစ်သည်။ ထို့အတူ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာ-ရုရှား ကုန်သွယ်ရေးရုံးများတည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာအနေဖြင့် ရုရှားနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ခြင်းအပြင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ထုတ်လုပ်မှုကဏ္ဍများအတွက် ဈေးကွက်အသစ်များ ဖော်ဆောင်နိုင်ခြင်းဖြင့် မြန်မာထုတ်ကုန်များ ယူရေးရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ကာကွယ်စောင့်ရှောက်

ထို့အပြင် မြန်မာနှင့် ရုရှားနှစ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကိုလည်း ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူပိုင်ခွင့်ဥပဒေ (၄) ရပ်နှင့်အညီ အကာအကွယ်ပေးနေပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် နည်းပညာလွှဲပြောင်းရယူခြင်း၊ အရည်အသွေးမြင့် အလုပ်အကိုင်များဖန်တီးခြင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းကို အလေးထားပြီး အခြားတစ်ဖက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း မူဝါဒနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ မဟာဗျူဟာကျသောတည်နေရာနှင့် ရုရှားနိုင်ငံ၏ နည်းပညာ၊ အတွေ့အကြုံတို့ကို ပေါင်းစပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးပြုသော စီးပွားရေးအောင်မြင်မှုများရရှိနိုင်မည့် အလားအလာကြီးမားမှုများ ပေါ်ထွန်းနေကြောင်းနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား စီးပွားရေးဖက်စပ်လုပ်ငန်းများ ဖော်ဆောင်ခြင်းအားဖြင့် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များကို ဖွံ့ဖြိုးတိုးတက်စေနိုင်သကဲ့သို့ ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ထုတ်ကုန်များပိုမိုတင်ပို့နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့်အကြောင်းတို့ကို နိုင်ငံတော်သမ္မတကြီးက ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်၍ နှစ်နိုင်ငံအကြား “ယုံကြည်မှုကိုအခြေခံသည့် မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသည့် အနာဂတ်”ကို အတူတကွတည်ဆောက်နိုင်မည်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment