Friday, August 14, 2026

ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်နိုင်အောင် ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ အနီးစပ်ဆုံးပြည်သူ့ဆေးရုံတွေနဲ့ သက်ဆိုင်ရာဆေးရုံတွေကို သွားရောက်ကုသမှုခံယူနိုင်ပါကြောင်း ပြောကြားလိုပါတယ်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် လူနာ ၁၈၂ ဦးရှိရာ ဝမ်းရောဂါပိုးတွေ့ရှိခဲ့သည့် လူနာ ၉၃ဦးရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောလူနာများကို စနစ်တကျ ပြုစုစောင့်ရှောက်ကုသမှုပေးလျက်ရှိသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့်လူနာများကို ကုသမှုပေးလျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်များကို စုစည်း ဖော်ပြအပ်ပါသည်-

ဒေါက်တာ အောင်လင်းအေး

ဒုတိယဆေးရုံအုပ်ကြီး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

​အခု နှစ်ရက်၊ သုံးရက်အတွင်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများပြားလာတဲ့အတွက် ဆေးရုံရဲ့အရေးပေါ်ဌာန၊ ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သက်ဆိုင်ရာဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုခံယူပြီးတော့ ကုသမှုတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆေးရုံကြီးက ကုသရေးဌာနအောက်မှာရှိတဲ့အတွက်ကြောင့် အဓိကလုပ်ငန်းက လူနာတွေကုသတဲ့လုပ်ငန်းပါ။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုမရှိစေရေးကို အထူးဂရုစိုက်ပြီး ကုသမှုတွေပေးနေပါတယ်။ ဝမ်းပျက် ဝမ်းလျှောရောဂါက ကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့် ရောဂါသည်တွေနဲ့ တစ်ပါတည်း ပါလာတဲ့ လူနာစောင့်တွေ၊ သူတို့ကိုကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ (ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ အကူဝန်ထမ်းတွေ) အကုန်လုံးကို ဒီရောဂါကူးစက်မှုမရှိအောင် ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေကို အထူးဆောင်ရွက်ပါတယ်။ အရင်လည်း ပုံမှန်ဆောင်ရွက်တာရှိပါတယ်။

ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ အထူးအလေးထားဆောင်ရွက်ပါတယ်။ ပုံမှန်ဖြစ်ပွားမှုလည်း ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်အတွင်းမှာတော့ သိသိသာသာများပြားလာတဲ့အတွက်ကြောင့် အထူးဂရုစိုက်ပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

လူနာတွေရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့ဆိုရင်လည်း ဆေးရုံဆင်းမယ့်လူနာတွေ ရှိပါတယ်။ မနေ့ကလည်း ဆေးရုံဆင်းတဲ့လူနာတွေရှိပါတယ်။ ရောဂါ မဖြစ်ပွားအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ သုံးပွင့်ဆိုင်ဆိုတာရှိတယ်။ ရောဂါဖြစ်စေတဲ့ပိုး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်၊ သောက်သုံးရေသန့်ရှင်းရေး လုပ်ငန်းတွေအပေါ်မူတည်ပါတယ်။ ခုခံအား ကျဆင်းနေသူတွေ၊ အသက်ကြီးသူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

ပြည်သူတွေကို အကြံပြုချင်တာက တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ဖို့၊ လတ်တလောမှာ ရေကိုကျိုချက်သောက် သုံးဖို့၊ ယင်နားစာတွေ မစားဖို့နဲ့ ခုခံအားကောင်းမွန်အောင် ပြုမူနေထိုင်ဖို့ အကြံပြုလိုပါတယ်။

လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကြိုတင်ကာကွယ်ဆေး Doxycycline 100 mg ကို တိုက်ကျွေးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အကုန်လုံးနီးပါး သောက်ပြီးပါပြီ။ လာရောက်ပြသတဲ့ ပြင်ပလူနာ၊ အတွင်းလူနာ၊ လူနာစောင့်တွေကိုလည်း Doxycycline 100 mg တိုက်ကျွေးပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူနာတွေ အားလုံးကို လက်ခံကုသပေးနေပါတယ်။ လူနာတွေရောက်ရှိလာရင် ခုတင်အခက်အခဲ မရှိအောင် စီမံထားပါတယ်။ လူနာတွေကိုလည်း Guidelines နဲ့အညီ သီးခြားဆောင် သုံး/လေးဆောင် စီစဉ်ထားပြီး ကုသပေးနေပါတယ်။ ရောဂါဖြစ်ပွားလာရင် ရန်ကုန်ဆေးရုံကြီးကို ပြည်သူတွေ လာရောက်ကုသကြပါ။

ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် နေ့စဉ်ကုသပေးနေတဲ့ ရောဂါတွေအတွက် အတွင်းလူနာ ၁၃၀၀၊ ၁၄၀၀၊ ၁၅၀၀ လောက်နဲ့ ပြင်ပလူနာ တစ်ရက် ၂၅၀၀ ရှိပါတယ်။ ခွဲစိတ်မှုတွေကိုလည်း အချိန်မပျက် ပုံမှန်ဆက်လက် လုပ်ဆောင်နေပါတယ်။ အခုဖြစ်လာတဲ့ ဝမ်းပျက် ဝမ်းလျှောအတွက်လည်း သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပြင်ဆင်ကုသပေးနေတယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။

ဒေါက်တာ နန္ဒဝင်း

ဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန

ဝမ်းပျက်ဝမ်းလျှောရောဂါကတော့ နှစ်စဉ်မိုးဦးကျအချိန်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် စိန်ခေါ်မှုရှိတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဩဂုတ်လ ၈၊ ၉၊ ၁၀ မှာ လမ်းမတော်မြို့နယ်ကနေပြီးတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူ အယောက် ၂၀၊ လသာမြို့နယ်ကနေပြီးတော့ အယောက် ၂၀ နဲ့ ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း ၁၄ ယောက် အစုလိုက် တွေ့ခဲ့ပါတယ်။ လူနာတွေကို အစုလိုက်တွေ့တာနဲ့ ဘာကြောင့်ဆိုတာ လိုက်ရှာပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီတွေ့တဲ့အခါမှာ ဒါသည် ဒီတစ်ဦး တစ်ယောက်ရဲ့ အပြုအမူ အနေအထိုင်၊ အစားအသောက် မကောင်းမွန်လို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် မလိုက်နာနိုင်လို့ဆိုတာတွေ့ပေမယ့် အစုလိုက်ဖြစ်လာရင် ဘာကြောင့်ဖြစ်သလဲဆိုတာမျိုး လိုက်ကြည့်ရတယ်။

သူတို့ကို ကျွန်တော်တို့က Google ပေါ်မှာ ရိုက်သွင်းမှတ်တမ်းတင်စနစ်မျိုးတွေ အသုံးပြုပြီး တောက်လျှောက်ထောက်လှမ်းပြီးတော့ ကြည့်ရှုစောင့်ရှောက်ပါတယ်။ အဲဒီလို ကြည့်ရှုစောင့်ရှောက်တဲ့အခါမှာ ဒီလမ်းမတော်နဲ့ လသာမြို့နယ်မှာ ဖြစ်ပွားမှုတွေများတယ်။ လမ်းမတော်မြို့နယ် ၁ လမ်းကနေ ၂၄ လမ်းကြားမှာတင် ဒီလူနာတွေက စိပ်လာတာကို အံ့ဩဖွယ်ရာ တွေ့ရတယ်။ ဒီနေရာကလည်း ရန်ကုန်မြို့ရဲ့ China Town ရှိတဲ့နေရာ ဖြစ်နေတယ်။

အားလုံးရဲ့စားသောက်မှုကို ကြည့်တဲ့အခါမှာ အားလုံးသည် အလွယ်တကူရတဲ့ ပြင်ပအစားအစာတွေကိုပဲ မှာယူစားသောက်နေတာကို တွေ့ရတယ်။ အစားအသောက်မှာ သုံးနေတဲ့ရေတွေကို လိုက်စစ်ရပါတယ်။ လမ်းဘေးမှာရှိတဲ့ ဆိုင်တွေက ရောက်တဲ့နေရာကနေ ရေပုံးလေးတွေနဲ့ခပ်ပြီး သေချာမဆေးကြောတဲ့အခါ ရေပုံးကနေ ရေအညစ်အကြေး ကပ်နေတဲ့ ရေကိုသုံးတဲ့အခါမှာ အဆင်မပြေတာမျိုးလည်းရှိတယ်။

မနေ့က ညနေ ၆ နာရီကနေ ဒီနေ့ မနက် ၆ နာရီအထိတော့ လူနာဦးရေ ၃၀ ပဲ တက်တယ်။ အရင်နေ့တွေနဲ့စာရင်တော့ နည်းနည်းကျလာပါပြီ။ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်အတွင်းမှာ ဒီဖြစ်ပွားတဲ့ လူနာတွေ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူနာတွေ အသက်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် Zero death ဖြစ်အောင် ကုသရေးဦးစီးဌာနက ဆရာဝန်တွေ၊ ဆေးရုံကြီးတွေကလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာအားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပြည်သူလူထုအနေနဲ့ အစာသန့်၊ ရေသန့် အဓိကအရေးကြီးပါတယ်။ အစားအသောက်ကို ပူပူနွေးနွေးနဲ့ စားသောက်တတ်ဖို့နဲ့ ပြီးတော့ရောဂါဖြစ်ပွားလာရင်လည်း ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားပြီးတော့ ကုသမှုခံယူမယ်ဆိုရင်တော့ ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောသာမက ကျန်တဲ့မည်သည့်ရောဂါပဲဖြစ်ပါစေ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အားလုံးကျော်လွှားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဒေါက်တာမင်းဇော်ဦး

ပါမောက္ခ (ဌာနကြီးမှူး၊ ဆေးလက်တွေ့) ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတစ်ခုပါ။ တနင်္ဂနွေ၊ တနင်္လာနေ့ကစပြီး လူနာအရေအတွက် များလာတာကို သတိပြုမိပါတယ်။ ဆေးရုံအနီးပတ်ဝန်းကျင် မြို့နယ်တွေကလာတဲ့ လူနာတွေများလာတဲ့အတွက် တနင်္လာနေ့ကစပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ဆေးဝါးစုဆောင်းခြင်းနဲ့ ဆေးရုံကြီးအဖွဲ့နဲ့ပူးပေါင်းပြီး လူနာတွေထားဖို့ သီးသန့်အဆောင်တွေ ပြင်ဆင်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

နေ့စဉ် ကုသမှုပေးနေတဲ့အပိုင်းမှာ ကျွန်တော်တို့မှာရှိတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ လူအင်အားအားလုံးကို ထိရောက်စွာအသုံးပြုပြီး ဆောင်ရွက်နေတဲ့အတွက် အဆင်ပြေပါတယ်။ ဆေးဝါးအနေနဲ့လည်း ပြည့်စုံမှုရှိအောင် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က Zero Mortality (သေဆုံးမှု လုံးဝမရှိရေး) ပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အချိန်မီသာရောက်လာခဲ့ရင် ပျက်စီးဆုံးရှုံးမှုမရှိအောင် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါတယ်။ အရင်နှစ်တွေရဲ့ အတွေ့အကြုံအရ တချို့ကသိပ်လွန်မှ ရောက်လာတာမျိုးရှိတတ်တယ်။ အဲဒါမျိုးမဖြစ်ဘဲ ဆေးဝါးကုသမှုနဲ့ စောင့်ရှောက်မှုကို စောစီးစွာကြိုတင်လာရောက် ခံယူမယ်ဆိုရင် ပြန်လည်ကျန်းမာလာမှာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေက အမြဲအသိပေးနေတဲ့အတိုင်း အထူးသဖြင့် မိုးတွင်းကာလမှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ အစားအသောက်နဲ့ပတ်သက်ရင် မလတ်ဆတ်တာတွေ၊ ယင်နားစာတွေနဲ့ အမှည့်လွန်တဲ့ အသီးအနှံတွေကို ဆင်ခြင်စားသောက်ပါ။ သောက်သုံးရေနဲ့ပတ်သက်ရင် သန့်ရှင်းမှုရှိအောင် ရေကိုသေချာကျိုချက်ပြီးမှသောက်သုံးဖို့ ပြောချင်ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေ မြင့်မားနေတာ သိရှိရပါတယ်။ လူနာအများကြီး ရောက်လာတာမှန်သော်လည်း လူမှုကွန်ရက်ပေါ်မှာ ပြောနေကြသလို ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေပြည့်ကျပ်နေတယ်၊ ပြင်ပလူနာမကြည့်တော့ဘူး၊ အတွင်းလူနာ လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ပြောချင်ပါတယ်။ ပြင်ပလူနာဌာနကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်နေပြီး ရှိတဲ့အင်အားနဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတာ အသိပေးပါရစေ။

ဒေါက်တာမိုးခိုင်

ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ ကုသရေး) ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

လတ်တလော ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာတွေလက်ခံကုသနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ကာ ကုသမှုတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း ဗဟိုအဆင့်ဆေးရုံအများစုရှိတဲ့ တိုင်းဒေသကြီးဖြစ်သလို ပုဂ္ဂလိကဆေးရုံတွေအနေနဲ့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ အင်အားနဲ့ ပုဂ္ဂလိကဆေးရုံတွေ အင်အားကို အသုံးပြုပြီးတော့ ဆေးရုံအလိုက် ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာရင် လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားရှိပြီးတော့ ကုသမှုဆောင်ရွက်တဲ့အခါမှာလည်း စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်အောင် လုပ်ငန်းလမ်းညွှန်တွေကိုလည်း ဖြန့်ဝေအသိပေးထားရှိပြီး ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေအနေနဲ့လည်း အရင်ကတည်းက အတွေ့အကြုံရှိပြီးဖြစ်တဲ့အတွက်ကြောင့် လူနာတွေအနေနဲ့ လိုအပ်တဲ့ကုသမှု‌တွေ အချိန်မီရရှိနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလူနာတွေကို ကုသမှုပေးတဲ့အခါမှာ ဦးတည်ဆောင်ရွက်တဲ့အချက်အနေနဲ့ ရောက်ရှိလာတဲ့လူနာတွေ အသက်သေဆုံးမှုမရှိအောင် ဦးတည်ဆောင်ရွက်ခြင်း၊ ဒုတိယအချက်အနေနဲ့တော့ လိုအပ်တဲ့ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိအောင်ဆောင်ရွက်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းအားလုံးအနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ကုသရေး လုပ်ငန်းတွေကို အထောက်အကူပြုဖို့ အတွက် ရည်မှန်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။

ရောဂါကုသရေးအတွက် ဆောင်ရွက်သလို ရောဂါရှာဖွေရေးမှာလည်း အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မုခ်ဇီဝဌာန၊ ဓာတ်ခွဲဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ရောဂါအမည် အမြန်တပ်နိုင်ဖို့၊ အရေးပေါ်ကုသမှုတွေ အမြန်ရရှိဖို့၊ ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ နေရာအလိုက်ရရှိနိုင်ဖို့အတွက် သမားတော်တွေ၊ အထွေထွေလက်ထောက် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။ လူနာအသက်သေဆုံးမှုတွေ လက်ရှိအချိန်အထိ မရှိသေးပါကြောင်း ပြောကြားလိုပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာတွေ ခံစားရတဲ့ ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်နိုင်အောင် ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ အနီးစပ်ဆုံးပြည်သူ့ဆေးရုံတွေနဲ့ သက်ဆိုင်ရာဆေးရုံတွေကို သွားရောက် ကုသမှုခံယူနိုင်ပါကြောင်း ပြောကြားလိုပါတယ်။

ကျော်စိုးဝင်း

No comments:

Post a Comment