Monday, August 10, 2026

တနင်္သာရီတိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်း၌ ဘောလုံးသင်တန်းဖွင့်လှစ်

 

နေပြည်တော် ဩဂုတ် ၉

တနင်္သာရီ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်က ရေပုန်းဘောလုံးကွင်း၌ အပတ်စဉ် ကျောင်းပိတ်ရက်များတွင် ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ သင်တန်းဖွင့်လှစ်နေမှု၊ သင်တန်းသားများ၏ လေ့ကျင့်နေမှုကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးပြီး နည်းပြများကို ထောက်ပံ့ငွေများပေးအပ်၍ အားကစားကွင်း စိမ်းလန်းစိုပြည်ရေး၊ ကွင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး၊ ဂိုးတိုင်ဂိုးပိုက်များကို စနစ်တကျတပ်ဆင်ထားရှိရေးနှင့် အားကစားသမားများ ရာသီမရွေးလေ့ကျင့်ကစားနိုင်ရန် လိုအပ်သည့် အားကစားအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးရေး မှာကြားသည်။

ဆက်လက်၍ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ အားကစားဖွံ့ဖြိုးတိုးတက် ရေးဆွေးနွေးပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများပေးအပ်ခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် ဧည့်ရိပ်သာ၌ မြိတ်မြို့နယ် မြို့မိမြို့ဖများ၊ အားကစား ဆပ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးအတွက် လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အားကစားရေးရာဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဘောလုံးအားကစားနည်းအပြင် အခြားသောအားကစား နည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင် ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး အားကစားဆပ်ကော်မတီများထံ အားကစားအထောက်အကူပြု ပစ္စည်းများထောက်ပံ့ပေးအပ်၍ မြိတ်မြို့နယ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည့်ဖြိုးထွန်းကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၁၀၀၀ နှင့် ကျော်နေစိုး ကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment