Monday, August 10, 2026

ပဲခူးတိုင်းဒေသကြီး ငါးသားပေါက်စခန်းသုံးခုမှ သားဖောက်ထုတ်လုပ်ပြီး သဘာဝရေပြင်သို့ မျိုးစိုက်ထည့်ခြင်းနှင့် မွေးမြူသူတောင်သူများထံ ရောင်းချခြင်းတို့ ဆောင်ရွက်

 

ပဲခူး ဩဂုတ် ၉

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးငါးလုပ်ငန်းစခန်း၊ သနပ်ပင် ငါးလုပ်ငန်းစခန်းနှင့် အုတ်ဖိုငါးလုပ်ငန်းစခန်းစသည့် ငါးသားပေါက်စခန်းသုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငွေရောင် ငါးကြင်းနှင့် ငါးခုံးမကြီးတို့ကို ငါးသားဖောက်ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၄၀ ခန့်ကို သဘာဝရေပြင်သို့ မျိုးစိုက်ထည့်၍ ရာခိုင်နှုန်း ၆၀ ကို မွေးမြူသူတောင်သူများထံ ရောင်းချနိုင်ခဲ့ကြောင်းနှင့် သဘာဝရေပြင်သို့ ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်းသားပေါက် ၄၂ ဒသမ ၂၂၀ သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကာ ငါးသားပေါက် ၁၁ ဒသမ ၂၇၀ သိန်းကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“စားရေရိက္ခာ ဖူလုံစေရေးနဲ့ ငါးရိက္ခာပေါများရေးအတွက် မွေးမြူရေးငါးအပြင် သဘာဝတိုင်းရင်းငါးတွေဖြစ်တဲ့ ငါးခူ၊ ငါးကျည်း၊ ငါးဖန်းမ၊ ငါးရံ့နဲ့ ငါးနက်ပြာတို့ကို ဆေးထိုး သားဖောက်မွေးမြူပြီး သဘာဝမြစ်ချောင်းအင်းအိုင်ထဲကို မျိုးစိုက်ထည့်ပေးပါတယ်။ ငါးမွေးတောင်သူ ၂၉၀၀ ကျော်က ဈေးကွက်ဝင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ်နဲ့ တီလားပီးယားငါးတွေကို မွေးမြူကြတာကြောင့် သားဖောက်ထုတ်လုပ်ပေးပြီး သင်တန်းနဲ့ဆွေးနွေးပွဲတွေမပြတ် ဆောင်ရွက် ပေးနေပါတယ်”ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းစခန်းသုံးခုမှ ငါးသား ပေါက် ၁၃၂ ဒသမ ၂၀၀ သိန်း ထုတ်လုပ်ရန်လျာထားပြီး မျိုးစိုက်ထည့်ခြင်းနှင့် ရောင်းချမှုအဖြစ် သားပေါက်ကောင်ရေ ၅၃ ဒသမ ၄၉၀ သိန်း ထုတ်လုပ်နိုင်ခဲ့ကာ ကျန်ရှိသည့် သားပေါက် ၇၈ ဒသမ ၇၁၀ သိန်းကို ဆက်လက်သားဖောက် ထုတ်လုပ်သွားမည်ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း၌ သားငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ငါးမွေးမြူမှုဧက ၃၀၀၀၀ ကျော်မှ ရေချိုငါးများကို မွေးမြူထုတ်လုပ်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးတောင်သူ ၂၀၀၀ ကျော်အား ရေချိုငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ငါးသယံဇာတထိန်းသိမ်းခြင်း၊ ကောင်းမွန်သောရေသတ္တဝါကျင့်စဉ်(GAqP)၊ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း၊ တိုင်းရင်းငါးပြေမ ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းနှင့် မြစိမ်းရောင်စီမံကိန်း(ငါးကဏ္ဍ)တွင် သင်တန်းပို့ချခြင်း၊ ဆွေးနွေးခြင်းတို့ကို အကြိမ်ရေ ၆၀ ကျော်လက်တွေ့သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - ကနူး

No comments:

Post a Comment