သိင်္ဃသူ
(ယမန်နေ့က အဆက်)
ဘယ်လာရုစ်နိုင်ငံ၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနန်းတော်၌ ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။ အခမ်းအနား၏ အစီအစဉ်အားလုံးမှာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ခမ်းခမ်းနားနားထည်ထည်ဝါဝါ ဖြစ်သကဲ့သို့ ရှိရင်းစွဲရင်းနှီးချစ်ကြည်မှုကြောင့်လည်း လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနှင့်ဖြစ်သည်။ စင်စစ်အားဖြင့် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ဘယ်လာရုစ်မြေပေါ်သို့ စတင်ရောက်ရှိသည့် သြဂုတ် ၂၀ ရက် ညနေပိုင်းတွင် မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့ ဘယ်လာရုစ်သမ္မတ အိမ်တော်တွင် အလွတ်သဘော ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
သြဂုတ်
၂၁ ရက်နေ့ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတတို့ သီးသန့်တွေ့ဆုံဆွေးနွေးရာတွင်
ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတကြီးက လေးစားရပါသော အဆွေတော်သမ္မတကြီးနှင့် ယခုကဲ့သို့
တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယမန်နေ့ကလည်း မိမိနှင့်အဆွေတော်တို့
ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်
ပတ်သက်၍ ပွင့်လင်းစွာဖြင့် လေးလေးနက်နက်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ယခုအခါတွင်လည်း တရားဝင်ထပ်မံတွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့်
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းရပ်များကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်းတို့ကို
စတင်ပြောကြားသည်။
ဘယ်လာရုစ်သမ္မတကြီးက
ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများ လူမှုစီးပွားဘဝအတွက် လိုအပ်ချက်များရှိပါက
ဘယ်လာရုစ်နိုင်ငံအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့်
ဘယ်လာရုစ်နိုင်ငံ၏ စက်မှုစိုက်ပျိုးမွေးမြူရေး နည်းပညာနှင့်အတွေ့အကြုံများကို
မြန်မာနိုင်ငံအတွက် မျှဝေပေးသွားမည် ဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံမှ
တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် လိုအပ်သည်များကို
ကူညီဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းနှင့် ဘယ်လာရုစ်နိုင်ငံမှ
ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးလိုသည့်စိတ်ရှိသည်ကို
ပြောကြားလိုပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ပြည်သူများ လိုအပ်သည်များကို
ဆောင်ရွက်ပေးသည့်အခါ၌ လိုအပ်ချက်များရှိပါက မိမိတို့ဘယ်လာရုစ်နိုင်ငံအနေဖြင့် ကူညီပေးရန်
အသင့်ရှိပါကြောင်း စသည့်ပြောကြားချက်များမှာ နှစ်နိုင်ငံခေါင်းဆောင်များနှင့်
ပြည်သူများအကြားမှ ရင်းနှီးချစ်ကြည်မှု မည်မျှနက်ရှိုင်းသည်ကို ပြသလျက်ရှိနေသည်။
ယင်းနောက်
မိမိတို့ နိုင်ငံတော်သမ္မတကြီးက ဆွေးနွေးပြောကြားရာတွင် အဆွေတော်သမ္မတကြီးအနေဖြင့်
ယခုကဲ့သို့ မိမိကိုနွေးထွေးစွာဖြင့် ကြိုဆိုပြီး လက်ခံတွေ့ဆုံသည့်အတွက်
များစွာဝမ်းမြောက်ပါကြောင်း၊ ယခုလာရောက်သည့်အချိန်တွင် မိမိတို့ အစိုးရအဖွဲ့မှ
ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ ပါရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များလည်း
ပါဝင်ကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများအပါအဝင်
ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်
လာရောက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး
ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များအားလုံးတွင်
ကန့်သတ်ချက်မထားရှိပါဟု ယခင်က ပြောကြားထားဖူးကြောင်း၊ ထို့ကြောင့်
မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လာရုစ်နိုင်ငံနှင့်
ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ အပြည့်အဝရရှိမည်ဟု ယုံကြည်ပါကြောင်းတို့ကို
ပြောကြားပြီး ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကို
ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်းနှင့် ထိုအချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်
လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည်ဖြစ်သကဲ့သို့ အဆွေတော်တို့ နိုင်ငံမှ
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်လိုပါကြောင်း
စသည်တို့ကို ပြောကြားသည်။ ဆက်လက်၍ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
မြန်မာ - ဘယ်လာရုစ် နှစ်နိုင်ငံနိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၁
ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ
သမ္မတနန်းတော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ကြသည်။ နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံပွဲတွင် မြန်မာ-ဘယ်လာရုစ်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်
ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊
အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့် လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊
ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
နှစ်နိုင်ငံအစိုးရနှစ်ရပ်ကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ခြင်းအခမ်းအနားကို
ဆက်လက်ကျင်းပပြီး-
(၁) နှစ်နိုင်ငံအကြား တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ
ကိစ္စရပ်များတွင် ဥပဒေရေးရာအပြန်အလှန် အကူအညီပေးရေးသဘောတူစာချုပ်၊
(၂) ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ
အပြန်အလှန်အကူအညီပေးရေးသဘောတူညီချက်၊
(၃) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ
ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၄) မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည့်နိုင်သော
အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊
(၅) မြန်မာအာကာသအေဂျင်စီနှင့် Belaru-sian State University တို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊
(၆) မြန်မာနိုင်ငံမဟာဗျူဟာနှင့်
နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic
Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး
နားလည်မှုစာချွန်လွှာ၊
(၇) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC
"Development Bank of the Republic of Belarus" တို့အကြား
ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်နှင့်
(၈) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား (MRTV) နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့်
အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်စသည်တို့အပါအဝင်
နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက
ဘယ်လာရုစ်သမ္မတနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့
ရှေ့မှောက်၌ လဲလှယ်ခဲ့ကြသည်။
ထို့နောက် သမ္မတနှစ်ဦးတို့က မီဒီယာများအား
နှစ်နိုင်ငံ ပူးတွဲကြေညာချက်များကို အပြန်အလှန် ပြောကြားကြသည်။
အဆိုပါပူးတွဲကြေညာချက်များက နှစ်နိုင်ငံခေါင်းဆောင်များနှင့် အစိုးရနှစ်ရပ်အကြား
ဆွေးနွေးမှုများ၊ နှစ်ဖက်သဘောထားအမြင်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့်
အချက်များကို မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောကြားကြခြင်းလည်း ဖြစ်သည်။
နှစ်နိုင်ငံ
ပူးတွဲကြေညာချက်များ ပြောကြားကြရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ
လူကာရှန်ကိုက ဦးစွာပြောကြားရာ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ကဏ္ဍများ၊
စိုက်ပျိုးရေးဆိုင်ရာကဏ္ဍများနှင့် ကဏ္ဍပေါင်းစုံတို့တွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်။
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ အကောင်အထည်ဖော်ရန်လည်း ဘယ်လာရုစ်ဘက်က
အဆင်သင့်ရှိသည်။ လက်ရှိတိုးတက်နေသည့် ခေတ်ကြီးတွင် ဘယ်လာရုစ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့်
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အထောက်အကူပြုသွားမည်။
ယခုနှစ်အတွက်
ဆွေးနွေးမှုထဲတွင် အရေးအကြီးဆုံးအချက်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို
အဆင့်မြှင့်တင်ရန်အတွက် နှစ်နိုင်ငံကြားတွင် သံရုံးများကို
အပြန်အလှန်ဖွင့်လှစ်သွားမည်။ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်သည့်အချိန်တွင်
၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင်
စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်
သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လက်တွေ့မြေပြင်၌
အကောင်အထည်ဖော်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်
မြန်မာနိုင်ငံမှ ကျောင်းသားများကို ဘယ်လာရုစ်နိုင်ငံတွင်ရှိသည့် တက္ကသိုလ်များတွင်
သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားသွားမည်။ နှစ်နိုင်ငံပါလီမန်အချင်းချင်း
ဆက်ဆံမှု၊ နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြား ဆက်ဆံမှုကိုလည်း
ဆက်လက်တိုးမြှင့်သွားမည်။ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှင့် အခြားကဏ္ဍများ တိုးတက်ဖွံ့ဖြိုးရန်
ရည်ရွယ်ပြီး ဇူလိုင် ၈ ရက်နေ့တွင် နှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို
ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုခရီးစဉ်တွင် ဆွေးနွေးခဲ့သည့် သဘောတူညီချက်အားလုံးကို ဘယ်လာရုစ်ဘက်က
ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်
ဆောင်ရွက်မည်ဆိုသည့် အချက်အလက်များမှာ အဓိကကျသော အချက်များပင်ဖြစ်သည်။
ဆက်လက်၍
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပူးတွဲကြေညာချက်ကို
ပြောကြားရာတွင် နှစ်နိုင်ငံအကြီးအကဲများအကြား အပြန်အလှန်ခရီးစဉ်များရှိခဲ့ပြီး ခရီးစဉ်များအတွင်း
နှစ်နိုင်ငံအနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက်
သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယခုခရီးစဉ်တွင် နှစ်နိုင်ငံကြား
သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၉ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ နှစ်နိုင်ငံကြား
လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး
တွန်းအားပေးဆောင်ရွက်သွားမည်။
နှစ်နိုင်ငံ
အစိုးရအကြားမှာသာမက လွှတ်တော်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ကိုလည်း
ဆွေးနွေးခဲ့ကြသည်။ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊
စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်
ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်
ဆွေးနွေးနိုင်ခဲ့သည်။
သမ္မတနှစ်ဦးသည်
ဒေသတွင်းနှင့် မျက်မှောက်ခေတ်နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ်တွင်
ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ပြီး နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံ အမှီသဟဲပြုဆက်လက်ရပ်တည်သွားမည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို
မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ယနေ့တွင် ဖွင့်ပွဲအခမ်းအနား
ကျင်းပသွားမည်။ မြန်မာနိုင်ငံတွင်လည်း မကြာခင်ဘယ်လာရုစ်သံရုံးကို လာရောက်
ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ကြိုဆိုလျက်ရှိပါသည်။
အခွင့်အလမ်းကောင်းများရှိသည့်
မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံမှ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်များ အထူးသဖြင့်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစသည့်ကဏ္ဍများမှာ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့်
စီးပွားရေးအချက်အချာကျသည့် သီလဝါအထူးစီးပွားရေးဇုန်တွင် ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရန်
ဖိတ်ခေါ်ခဲ့သည်။
သမ္မတနှစ်ဦး၏
သတင်းထုတ်ပြန်ကြေညာချက်များက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်က
မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံအကျိုးစီးပွားအများအပြားဖြစ်ထွန်းစေမည့်
ဆွေးနွေးမှုများကို တွေ့မြင်နေရသည်။
သြဂုတ်
၂၁ ရက် ဘယ်လာရုစ်နိုင်ငံ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့အား မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ပူးတွဲတွေ့ဆုံဆွေးနွေးသည်။
ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမှုများက တည်နေရာအလှမ်းကွာဝေးသည့် မိတ်ဆွေစစ်၊
မိတ်ဆွေကောင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊
လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လူငယ်လူရွယ်နှင့်
အမျိုးသမီးရေးရာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို
အခိုင်အမာအားဖြည့်ပေးလျက်ရှိသည်။
ယင်းနေ့
ညနေ ၄ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ သံတမန်ခန်းမ၌
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
သံရုံးဖွင့်ပွဲအခမ်းအနားသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့်
အဖွဲ့ဝင်များ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxin Ryzhenkov နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် သံရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ
တက်ရောက်ခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)




No comments:
Post a Comment