မောင်ငြိမ်းအေး
(ယမန်နေ့မှအဆက်)
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်းခြင်းအခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်းခြင်း အခမ်းအနားစတင်ကျင်းပရာတွင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နိုင်ငံတော်သီချင်းတို့ကိုဖွင့်လှစ်၍ တက်ရောက်ကြသူများက အလေးပြုခဲ့ခြင်း၊ နိုင်ငံတော်သမ္မတက ဘွဲ့တံဆိပ်လက်ခံခြင်းတို့သည် မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခုကို မော်ကွန်းတင်စိုက်ထူလိုက်ခြင်း ဖြစ်သည်။
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်
အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်
အဆင့်မြင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ
ဘွဲ့တံဆိပ်အပ်နှင်းခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် တညီတညွတ်တည်း ထောက်ခံခဲ့ခြင်းသည်
ကောင်းမွန်သည့်ဆောင်ရွက်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊
ထိုသို့ထောက်ခံဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ပညာရေးကဏ္ဍအပါအဝင်
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် မိမိတို့ ရုရှားနိုင်ငံသမ္မတကြီး
မစ္စတာ ဗလာဒီမာပူတင်တို့ တွေ့ဆုံစဉ်ဆွေးနွေးပြောကြားခဲ့သကဲ့သို့ ပြီးခဲ့သည့်
နှစ်များအတွင်း မြန်မာ-ရုရှား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးသည် အရှိန်အဟုန်ဖြင့်တိုးတက်နေပါကြောင်း၊
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရေးပူးပေါင်းဆောင်ရွက်မှုသည်လည်း
အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း။
တိုးတက်ခိုင်မာစေမည်
ရုရှားနိုင်ငံရှိ
တက္ကသိုလ်များတွင် မြန်မာပညာတော်သင်များ နှစ်စဉ်လာရောက်သင်ကြားလျက်ရှိပါကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့်လည်း မြန်မာပညာတော်သင်များကို ပညာတော်သင်ဆုများ နှစ်စဉ်တိုးမြှင့်ပေးအပ်လျက်ရှိနေပါကြောင်း၊
နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း
ယမန်နှစ်က လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို
ဆောင်ရွက်နိုင်ခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို
ပိုမိုတိုးမြှင့်နိုင်မည်ဟုယုံကြည်ပါကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ဖက်ဒရယ် ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ
ဂုဏ်ထူးဆောင်ပါမောက္ခ ဘွဲ့တံဆိပ်အပ်နှင်းခြင်းသည်လည်း ရုရှားနိုင်ငံနှင့်
မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ထို့နောက်
တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်၏ ပညာသင်ကြားခဲ့မှုနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များနှင့်
နိုင်ငံတော်တာဝန်များကို အဆင့်ဆင့်ထမ်းဆောင်နိုင်ခဲ့မှု၊ ပြည်တွင်းနှင့်နိုင်ငံတကာမှ
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သာသနာရေးဆိုင်ရာ
ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ခဲ့မှုများနှင့် နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရရှိခဲ့မှု
အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံကိုပါဂုဏ်ပြုခြင်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက “ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏
ထင်ရှားကျော်ကြားလှသည့် ပလက်ဟာနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်မှ မိမိအား (Plekhanov Russian University of
Economics) “ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့” ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက်
အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် လှိုက်လှိုက်လှဲလှဲ
ကျေးဇူးဥပကာရတင်ရှိသည်ကို ဦးစွာပြောကြားလိုကြောင်း၊ ပလက်ဟာနော့ဗ် တက္ကသိုလ်က
ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းသည် မိမိတစ်ဦးတည်းကို
ဂုဏ်ပြုခြင်းမျှသာမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုပါ ဂုဏ်ပြုခြင်းဖြစ်သည်ဟု
မှတ်ယူပါကြောင်း၊ ယခုဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့သည် တစ်ဦးတစ်ယောက်၏ အသိအမှတ်ပြုခံရမှုမျှသာမဟုတ်ဘဲ
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ပညာရေး၊ သုတေသနနှင့် အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင်
တည်ဆောက်သွားကြရန်အတွက် တွန်းအားတစ်ရပ်ပင်ဖြစ်ကြောင်း” ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ပလက်ဟာနော့ဗ်တက္ကသိုလ်သည်
ယခုအခါ သက်တမ်း ၁၁၉ နှစ်ရှိခဲ့ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံတကာကျောင်းသားများအပါအဝင်
ကျောင်းသား ကျောင်းသူ ၁၄၀၀၀ ကျော် မွေးထုတ်ပေးခဲ့သည်ဟုသိရသည်။ နိုင်ငံတကာနှင့်
ပညာရပ်ဆိုင်ရာချိတ်ဆက်မှုများ အားကောင်းစေရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး
ထင်ရှားသည့် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များနှင့် ပညာရှင်များကို
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ရုံမျှမက ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်များကို
မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးဖြစ်သည်။ ထိုတက္ကသိုလ်မှ နိုင်ငံတော်သမ္မတအနေဖြင့်
တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရခဲ့သဖြင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သည်။
ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းမှုသည် မြန်မာနိုင်ငံနှင့်
ရုရှားနိုင်ငံတို့အကြား နှစ်ကာလကြာရှည်စွာတည်ရှိနေခဲ့သည့် ချစ်ကြည်ရင်းနှီးသည့်
နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံပြည်သူများအကြား
နွေးထွေးသည့်သံယောဇဉ် ကို ပိုမိုခိုင်မာစေသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည်။
ပိုမိုနက်ရှိုင်းခိုင်မာလာ
မြန်မာ-ရုရှား
သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီးနောက်
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများကို
ထူထောင်ထားရှိနိုင်ခဲ့ရုံမျှမက ပိုမိုနက်ရှိုင်းသည့် စီးပွားရေး၊ နည်းပညာနှင့်
ကဏ္ဍစုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သည်။
အထူးသဖြင့် စီးပွားရေးကဏ္ဍ၊ စွမ်းအင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကို
ငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုရေးတို့တွင် သိသာထင်ရှားသည့် တိုးတက်မှုများကို
ဖော်ဆောင်နိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်ဖြင့် တိုးမြှင့်လျက်ရှိပြီး လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း
နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းခိုင်မာလာကာ
အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတအနေဖြင့်
ရုရှားနိုင်ငံသို့ရောက်ရှိခဲ့သည့် ယခုခရီးစဉ်သည် (၁၄) ကြိမ်မြောက်ဖြစ်သည်။
ထို့ပြင်
မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးကြမည့် မျိုးဆက်သစ်မြန်မာနိုင်ငံသား
လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံစေရေးအတွက် ရုရှားနိုင်ငံအပါအဝင်
ပြည်ပသို့ ပညာတော်သင်များ စေလွှတ်လျက်ရှိသည်။ လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း
ရုရှားနိုင်ငံသို့ မြန်မာပညာတော်သင် ၇၀၀၀ ကျော် စေလွှတ်တက်ရောက်စေခဲ့သည်။ ရလဒ်အကျိုးဆက်အဖြစ်
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံမှ
တိုးမြှင့်ဆောင်ရွက်နိုင်သည့်အတွက် ရုရှားနိုင်ငံကို ကျေးဇူးတင်ရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် သိပ္ပံ၊ နည်းပညာသာမက စီးပွားရေးပညာရှင်များ၊
သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်နားလည်သူများ၊ ဥပဒေကျွမ်းကျင် နားလည်သူများ အများအပြားလိုအပ်သည်။
ထို့ကြောင့် လွန်ခဲ့သည့် လေးနှစ်မှစပြီး မြန်မာနိုင်ငံမှ ဝိဇ္ဇာသိပ္ပံပညာသင်တက္ကသိုလ်အားလုံးတွင်
ဝိဇ္ဇာဘွဲ့ (စီးပွားရေး)၊ ဝိဇ္ဇာဘွဲ့ (ဥပဒေ) သင်တန်းများ ဖွင့်လှစ်ခြင်း၊
ထူးချွန်ကျောင်းသား ပညာသင်ဆုများ ပေးအပ်ခြင်းတို့ဖြင့် ဆောင်ရွက်နေသည်။
ကူညီအားပေးထောက်ခံမှု
မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ ယခင်က မူလတန်းပညာမသင်မနေရ သတ်မှတ်သင်ကြားစေလျက်ရှိသော်လည်း
ယခုအခါ KG+9 အလယ်တန်းပြီးသည်အထိ မသင်မနေရ သတ်မှတ်ဆောင်ရွက်နေသည်။
ပညာရေးအသုံးစရိတ်များကိုလည်း နိုင်ငံဘဏ္ဍာငွေခွဲဝေရာတွင် ၁၀ ရာခိုင်နှုန်းအထိ
သတ်မှတ်သုံးစွဲလျက်ရှိသည်။ ပညာရေးအားနည်းသည့်ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး
ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ
တိုးချဲ့ဖွင့်လှစ်ကာ ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာသင်တက္ကသိုလ်အဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရေး
ဆောင်ရွက်ပြီး ပညာရေးကဏ္ဍကို အထူးမြှင့်တင်အားပေးဆောင်ရွက်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့်
မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊
သုတေသနပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာတော်သင်စေလွှတ်မှုများကဲ့သို့
ပညာရေးပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိသည်။
ယခုမြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ရုရှားနိုင်ငံ၏ ကူညီအားပေးထောက်ခံမှုကို ကျေးဇူးတင်ရမည်ဖြစ်သည်။
အာကာသမှတ်တမ်းပြတိုက်
ထို့နောက်
နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ်လ ၁၉
ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် မော်စကိုမြို့ရှိ အာကာသမှတ်တမ်းပြတိုက်သို့
သွားရောက်လေ့လာကြည့်ရှုကြသည်။ အာကာသမှတ်တမ်းပြတိုက်အတွင်းရှိ ရုရှားနိုင်ငံမှ
ပထမဆုံးလွှတ်တင်ခဲ့သည့် ဂြိုဟ်တုပုံတူပြကွက်၊ ယူရီဂါဂါရင်လိုက်ပါခဲ့သည့်
အာကာသယာဉ်ပုံစံတူနှင့် ၎င်း၏ဘဝပုံရိပ်ပြခန်း၊ အာကာသယာဉ်မှူးဝတ်စုံများပြကွက်၊
ကမ္ဘာမြေအား အာကာသာမှ ပထမဆုံးမှတ်တမ်းဓာတ်ပုံရိုက်ခဲ့သည့် ကင်မရာကြီး ပြကွက်၊
လဆင်းယာဉ်သရုပ်ပြ ပြကွက်၊ ကမ္ဘာမြေပေါ်သို့ကျရောက်ခဲ့သည့် ဥက္ကာခဲများပြကွက်၊
ဂြိုဟ်တုလွှတ်တင်ရေးစခန်းပုံစံငယ်များ ပြကွက်များကို ပြကွက်တစ်ခုချင်းစီအလိုက်
စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး
နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ
ရုရှားနိုင်ငံမော်စကိုမြို့ရှိ Memorial Museum of Cosmonautics (အာကာသမှတ်တမ်းပြတိုက်) ကို
၁၉၈၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူသားတို့၏ အာကာသအောင်နိုင်မှုအထိမ်းအမှတ်အဖြစ်
စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းပြတိုက်သည် မော်စကိုမြို့ VDNKh မက်ထရိုဘူတာအနီးရှိ ၁၀၇ မီတာမြင့်သော “Monument to the Conquerors
of Space” ဒုံးပျံအထိမ်းအမှတ် ကျောက်တိုင်ကြီး၏ အောက်ခြေတွင် တည်ရှိပြီး
ပြတိုက်အတွင်း ဆိုဗီယက်နှင့် ရုရှားတို့၏ အာကာသနည်းပညာဆိုင်ရာပြခန်းများ၊ ကမ္ဘာဦးဆုံးအာကာသယာဉ်မှူး
ယူရီဂါဂါရင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ နာမည်ကျော်အာကာသခွေး Belka နှင့် Strelka တို့၏ ရုပ်ကလာပ်များအပါအဝင်
အာကာသဆိုင်ရာပြကွက်ပေါင်း ၈၅၀၀၀ ကျော်ကို စုံလင်စွာခင်းကျင်းပြသထားသဖြင့် ကမ္ဘာတစ်ဝန်းမှ
ခရီးသွားများ မဖြစ်မနေလာရောက်လေ့လာကြသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့နောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း
မြစ်တွင်းသွားရှုခင်းကြည့် သင်္ဘောဖြင့် မော်စကိုမြစ်တစ်လျှောက် လိုက်ပါစီးနင်းကြပြီး
မြို့ပြစနစ်တကျဖွံ့ဖြိုးတိုးတက်လျက်ရှိမှုနှင့် သာယာလှပမှုများ၊ မြစ်ကြောင်းများ
စနစ်တကျထိန်းသိမ်းထားရှိမှု၊ မြစ်ကမ်းတစ်လျှောက်ရှိ မြို့ကွက်များအလိုက် Green
Zone များ စနစ်တကျ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
နိုင်ငံကောင်းမွန်တိုးတက်ရေး
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ
မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၅
နာရီတွင် တွေ့ဆုံအမှာစကားပြောကြားသည်။ နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံအနေဖြင့်
ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိခြင်းသည်
မိမိတို့နိုင်ငံ၏အားနည်းချက် ပင်ဖြစ်ကြောင်း၊ ကိုလိုနီလက်အောက်သို့ ရောက်ခဲ့ရခြင်း၏
အကျိုးဆက်များပင်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နှစ်ပေါင်းများစွာ
တိုးတက်မှုမရှိခဲ့သည်မှာ သင်ခန်းစာယူဖွယ်ပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်
တပ်မတော်တွင် တာဝန်ယူစဉ်ကပင် နိုင်ငံကောင်းအောင်ဆောင်ရွက်လို သည့်စိတ်ဖြင့်
တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း
နိုင်ငံကောင်းမွန်တိုးတက်အောင် စိတ်ရင်းစေတနာအမှန်ဖြင့်
ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများတောင်းဆိုလျက်ရှိသည့် ဒီမိုကရေစီအခွင့်အရေးများနှင့်
ဖက်ဒရယ်အခွင့်အရေးများရရှိအောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး
ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့်
နိုင်ငံအတွင်းပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်
နိုင်ငံ၏ပညာရည်အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း
နှစ်စဉ်ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း၊
နိုင်ငံတကာဆက်ဆံရေးများကောင်းမွန်စေရေး၊ လုပ်ငန်းခွင်များတွင်
ဆက်ဆံရေးများကောင်းမွန်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အတတ်ပညာများကို
သင်ကြားလျက်ရှိသကဲ့သို့ ဗဟုသုတရရှိ စေမည့်စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ မိမိတို့အနေဖြင့်
ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်
ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများ၏
အရည်အသွေးမြင့်မားစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နောင်လာနောက်သားများအတွက်
ကောင်းမွန်သည့်အမွေများ ပေးအပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာဆိုသည့်စိတ်ဖြင့်
နိုင်ငံ့အရေးအတွက်
ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်စိတ်များဖြင့် ဆောင်ရွက်လိုသည့် စိတ်များ
မွေးမြူကြရန်လိုကြောင်း၊ ယခုရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သံတမန်များအဖြစ်
လာရောက်တာဝန်ထမ်းဆောင်နေကြသူများနှင့် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများသည်
သက်ဆိုင်ရာဌာနများအလိုက် ခေါင်းဆောင်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်ရာဌာနအလိုက်
နိုင်ငံကောင်းအောင်ဆောင်ရွက်လိုသည့်စိတ်ဖြင့် လေ့လာကြိုးပမ်း ဆောင်ရွက်ပြီး ထမ်းဆောင်ရသည့်လုပ်ငန်းများအောင်မြင်အောင်
ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင်
နိုင်ငံတော်အတွက် ခိုင်ခိုင်မာမာဖြင့် တာဝန်ထမ်းဆောင်လိုသည့်စိတ်၊
မိမိတို့နိုင်ငံကိုထိလျှင် မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ နိုင်ငံအတွက်
ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ကြစေလိုကြောင်း၊
သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့်
သမိုင်းမှန်များကိုသိရှိအောင် ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏
သမိုင်းကြောင်းများနှင့် အခြေအနေမှန်များကိုမသိရှိသည့် နိုင်ငံတကာမှ
ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊
ပြည်ပနိုင်ငံသို့ရောက်ရှိနေချိန်တွင် မိမိတို့ နိုင်ငံ၏အလံတော်နှင့်
နိုင်ငံတော်သီချင်းကို မမေ့ရန်၊ မြန်မာဆိုသည့်စိတ်ဖြင့် နေထိုင်ကြရန် မှာကြားခဲ့သည်။
ယခုအခါ
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ
အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံအကြား
ကုန်သွယ်မှုအခန်းကဏ္ဍများတွင်သာမက ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍများအပါအဝင်
နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံနိုင်သည့် ကဏ္ဍပေါင်းစုံတွင်လည်း ယခုခရီးစဉ်မှတစ်ဆင့်
ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
မော်စကိုမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင်
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၏ ဖိတ်ကြားချက်အရ
ဘယ်လာရုစ် သမ္မတနိုင်ငံသို့ တရားဝင်ခရီးဆက်လက်သွားရောက်ရန်အတွက် ဩဂုတ်လ ၂၀ ရက်နေ့ ဒေသစံတော်ချိန်
နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံ
မင့်စ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)



No comments:
Post a Comment