ညောင်တုန်းကျွန်းတာ တိုးမြစ်ရေတိုက်စားမှုနှင့်ပတ်သက်၍ ညောင်တုန်း ကျွန်းတာကျိုးပေါက်ကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် မမှန်မကန်သတင်းထုတ်လွှင့်မှုများကို လူအချို့က ပြုလုပ်ခဲ့ကြသည်။ အမှန်တွင်ညောင်တုန်းကျွန်းတာ ကျိုးပေါက်ခြင်းမရှိဘဲ တိုးမြစ်ရေတိုက်စားခြင်းသာဖြစ်ပြီး ဖြစ်ပွားသည့်နေရာများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက တာကိုယ်ထည်တိုက်စားမှုကို ယာယီကာကွယ်နိုင်ရန် တာခြေတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့်တာခြေထောက်ခြင်း၊ မူရင်းတာအခြေ သဲအိတ်ထောက်ခြင်းနှင့် ယာယီပန်းတာ၏ အရှေ့ဘက်ဆင်ခြေလျှော ရေတိုက်စားမှုကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ကာကွယ်ခဲ့သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၅ ခု နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဒေသများမှ ရေဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ အရေးပေါ်ကူညီကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့်စေတနာရှင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ပေးခြင်း၊ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များကို ထောက်ပံ့ကူညီပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသည့် လေးမျက်နှာမြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ငဝန်မြစ်ရေသည် ၇ ပေ ၉ လက်မခန့်အထိ အမြင့်ဆုံးရေဝင်ရောက်ခဲ့ရာမှ ဩဂုတ်လ ၂၈ ရက်နေ့တွင် ၄ ပေ ၁၁ လက်မခန့်သာ ကျန်ရှိတော့သဖြင့် ၂ ပေ ၁၀ လက်မခန့် ရေကျဆင်းသွားခဲ့သည်။
ရေကြည်မြို့နယ်၌ ဩဂုတ်လ ၂၄ ရက်နေ့တွင် မြစ်ရေ ၁၁ ပေ ၂ လက်မခန့်အထိ အမြင့်ဆုံးရေဝင်ရောက်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် မြစ်ရေ ၉ ပေ ၆ လက်မခန့်သာ ကျန်ရှိတော့သဖြင့် မြစ်ရေ ၁ ပေ ၈ လက်မခန့်အထိ ကျဆင်းသွားခဲ့သည်။ ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေသည် ဩဂုတ်လ ၂၃ ရက်နေ့တွင် ၁၀ ပေ ၉ လက်မ ခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ၉ ပေ ၈ လက်မခန့် သာကျန်ရှိသဖြင့် မြစ်ရေ ၁ ပေ ၁ လက်မခန့် ကျဆင်းသွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ယခုရက်ပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျစောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံသဘာဝ ဘေးအန္တရာယ်ကို တက်တက်ကြွကြွဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ရေများပြန်လည်ကျဆင်းသွားသည့် လေးမျက်နှာ-ဟင်္သာတသွား ကားလမ်းမကြီးနှင့် အချို့နေရာများတွင် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်းပြီး ကားလမ်းမကြီးပေါ်၌ တင်ကျန်နေသည့် နုန်းများ၊ အမှိုက်သရိုက်များကို ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ကြုံတွေ့လျက်ရှိရာ ယခုနှစ် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက အချိန်နှင့်တစ်ပြေးညီ လမ်းညွှန် ဆောင်ရွက်ပေးမှုများနှင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ အင်တိုက်အားတိုက် တက်တက်ကြွကြွ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်မှုကြောင့် ရေကြီးရေလျှံသဘာဝ ဘေးအန္တရာယ်မှ ကျော်လွှားလွန်မြောက်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment