Sunday, August 30, 2026

ဖြစ်လာနိုင်သည့် သဘာဝဘေးတို့အတွက် ကြိုတင်မြော်တွေး ကာကွယ်ပြင်ဆင်

 


နီပေါနှင့် တရုတ်တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်စပ်တွင် ကြောက်မက်ဖွယ် သဘာဝဘေးဆိုးကြီးဖြစ်ပွားပြီးနောက် စတုတ္ထမြောက်နေ့ (သြဂုတ် ၂၉ ရက်)တွင် စုစုပေါင်းသေဆုံးသူ ၆၇၀ ကျော်နှင့် ပျောက်ဆုံးသူ ၃၀၀၀ နီးပါးရှိနေပြီဖြစ်သည်ဟု နိုင်ငံတကာသတင်းများအရ သိရသည်။

အဆိုပါကပ်ဘေးကြီးဖြစ်ပေါ်လာရခြင်းသည် ဟိမဝန္တာတောင်တန်းပေါ်မှ ရေခဲမြစ်တစ်စင်း အကြီးစားပြိုကျမှုကြောင့်ဖြစ်ပြီး ရေခဲမြစ်ပြိုကျရခြင်းမှာ ကမ္ဘာကြီးပူနွေးလာမှုနှင့်ဆက်စပ်နေသည့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားကြသည်။ အဆိုပါဖြစ်စဉ်တွင် အမြင့်ပေ ၅၂၀၀ ခန့်ရှိ တောင်တန်းပေါ်မှ မီတာ ၁၃၀၀ ခန့်အကျယ်ရှိသည့် ရေခဲမြစ် အောက်ခြေသည် ဓားဖြင့်လှီးဖြတ်လိုက်သကဲ့သို့ အရှိန်ပြင်းစွာ ပြိုကျခဲ့ပြီး ပြိုကျလာသည့် ရေခဲတုံးကြီးများနှင့် ကျောက်ဆောင် မြေသားများသည် နယ်စပ်အနီး တိဘက်အခြမ်းတွင်ရှိသည့် Lhende မြစ်ထဲသို့ ကျရောက်ခဲ့ရာမှ မြစ်ရေကို ခေတ္တပိတ်ဆို့သွားစေကာ သဘာဝရေကန်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ပိတ်ဆို့နေသည့်ရေထု အဆမတန်ကြီးမားလာသည့်အခါ ရေဖိအားကြောင့် သဘာဝအတားအဆီးကျိုးပျက်သွားပြီး ပေ ၃၀ (၉ မီတာ) ခန့် အမြင့်ရှိသည့် ရေ၊ ရေခဲ၊ ရွှံ့နွံနှင့် ကျောက်တုံးကြီးများ ရောနှောနေသည့် တောင်ကျရေလှိုင်းလုံးကြီးအဖြစ် တစ်နာရီကို မိုင် ၁၂၀ နှုန်း (တစ်နာရီလျှင် ၁၉၃ ကီလိုမီတာနှုန်း) ခန့်ဖြင့် အောက်ဘက်သို့ တစ်ရှိန်ထိုး ကြောက်မက်ဖွယ် စီးဆင်းသွားခဲ့သည်။ မကြုံစဖူး ကြီးမားပြင်းထန်သည့် ရွှံ့နွံရေလှိုင်းကြီးသည် တောင်ကြားတစ်လျှောက် ၆ မိနစ်ခွဲအတွင်း ၁၄ မိုင်ခန့်အကွာအဝေးထိရောက် အောင်စီးဆင်းကာ မြစ်ဝှမ်းဒေသများကို ဝါးမျိုဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပြီး မျက်မှောက်ခေတ် စီစီတီဗွီမှတ်တမ်းများ၊ ဖုန်းကင်မရာမှတ်တမ်းများကြောင့် ဤဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာတစ်ဝန်းလုံးက မျက်ဝါးထင်ထင်မြင်တွေ့ကြရသည်။

‘‘လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်မျိုးစုံကြုံတွေ့ရလျက်ရှိပြီး လတ်တလောဖြစ်ပေါ်ခဲ့သည့် နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရာသီဥတုပြောင်းလဲမှု (Climate Change)၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားကာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ရေရှည်အကျိုးအတွက် စီမံတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း’’ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည် ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံတိုင်းတွင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ရာသီဥတု ဖောက်ပြန်မှုနှင့် ပြင်းထန်သည့်မိုးလေဝသဖြစ်စဉ်များကို ကြုံတွေ့လာကြရသည်။ အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှုများ ပုံမှန် မဟုတ်ခြင်း၊ မိုးခေါင်ခြင်း၊ ယခင်ကထက် ပိုမိုပြင်းထန်သော မုန်တိုင်းများတိုက်ခတ်ခြင်း၊ အကြိမ်ရေပိုမိုများပြားလာခြင်း စသည်ဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို အမြဲသတိရှိနေကြရန် လိုအပ်လာနေပြီဖြစ်သည်။

ယခု နီပေါ-တရုတ်နယ်စပ် သဘာဝဘေးဖြစ်စဉ်တွင် ဟိမဝန္တာဒေသ တောင်ပေါ်ရေခဲကန်များလျှံကျမှုကို စောင့်ကြည့်သည့်စနစ် တည်ထောင်ထားသော်လည်း ရုတ်တရက်ဖြစ်ပေါ်လာသည့် တောင်ကျရေစီးဆင်းမှုအတွက် ကြိုတင်သတိပေးသည့်စနစ်မရှိခြင်း၊ တောင်ပေါ်တွင် သဘာဝရေကန်ကျိုးပျက်ချိန်မှ နီပေါ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် ဂျီရုန်(Gyirong)သို့ ဧရာမရွှံ့နွံလှိုင်းကြီး ရောက်လာချိန်အထိ ၇ မိနစ်မှ ၁ဝ မိနစ်ခန့်သာ ကြာမြင့်ခဲ့ရာ ဤမျှ တိုတောင်းသည့်အချိန်အတွင်း ကြိုတင်သတိပေးစနစ်မှ အချက်ပြ သတိပေးရန်၊ ဒေသခံများနှင့် ခရီးသွားများကို အရေးပေါ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေရန်တို့မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင် ခက်ခဲလှသည်။

အဖြစ်နိုင်ဆုံးမှာ လူနေမြို့ရွာဒေသများအားလုံး၏ တည်နေရာများအလိုက် ဖြစ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များ ဆိုင်ရာမြေပုံများရေးဆွဲခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး အတွက်ကြိုတင်ကာကွယ်ရေးအစီအမံများနှင့် သတိပေးစနစ်များ ပြုလုပ်ခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အလည်အပတ်လာရောက်ကြသည့် ခရီးသည်များအား သတင်းအချက်အလက်များ အလွယ်တကူ ရရှိအောင်ဝေမျှခြင်းတို့ ဆောင်ရွက်ကြရန်ပင်ဖြစ်ရာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့် သင်ခန်းစာယူ၍ ကြိုတင်ပြင်ဆင် ကာကွယ်ကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment