ဘားအံ ဩဂုတ် ၁၁
ကရင်ပြည်နယ် ဘားအံမြို့၌ သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် ညနေပိုင်း တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ရောက်ရှိနေပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများစီးဝင်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေဝင်ရောက်မှုအခြေအနေနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ အနိမ့်ပိုင်းလူနေရပ်ကွက်များဖြစ်သော
ဘားအံမြို့ အမှတ် (၅) ရပ်ကွက် အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း(၄)လမ်းလမ်းဆုံ ရော်ဘာခြံ(၄)လမ်း
အမှတ်(၂)ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် လူနေရပ်ကွက်များအတွင်း သံလွင်မြစ်ရေဝင်ရောက်မှုအခြေအနေနှင့်
အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုအဖွဲ့ဝင်များက သံလွင်မြစ်ရေ ယခုထက် ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့်
မြစ်ကမ်းဘေးနေထိုင်သူများ ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး၊ ယာယီရေဘေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး
ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က
မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်များတွင် ဆက်လက်နေထိုင်ရန် မသင့်တော့သည့်ပြည်သူများအား
ဘေးလွတ်ရာ ယာယီရေဘေးစခန်းများသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး
ကြပ်မတ်ဆောင်ရွက်ရန်မှာကြားပြီး ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်း ညဈေးတန်းနေရာနှင့်
အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်း View Point နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး Ms.Gwyn Lewisနှင့် အဖွဲ့အား
ဘားအံမြို့ ပြည်ထောင်စုရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့်
နေရပ်စွန့်ခွာပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် နေထိုင်စားသောက်ရေး၊ လုံခြုံရေးနှင့်
ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊
ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:
Post a Comment