နေပြည်တော် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားလျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်း ဩဂုတ် ၁၄ ရက်တွင် ငဝန်မြစ်ရေသည် ခုနစ်ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ရာမှ ယနေ့တွင် လေးပေ ၁၁ လက်မခန့်သာ ကျန်ရှိတော့သဖြင့် နှစ်ပေ ၁၀ လက်မခန့် ကျဆင်းသွားခဲ့ကြောင်း၊ ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ နှစ်လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေ ခြောက်လက်မခန့်သာ ကျန်ရှိတော့သဖြင့် တစ်ပေရှစ်လက်မခန့် ကျဆင်းသွားခဲ့ကြောင်းနှင့် ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေရှစ်လက်မခန့်သာ ကျန်ရှိသဖြင့် တစ်ပေ တစ်လက်မခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ရေပြန်လည် ကျဆင်းသွားသည့် လေးမျက်နှာ - ဟင်္သာတ သွားကားလမ်းမကြီးနှင့် အချို့နေရာများအား အများပြည်သူများနှင့် မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ကားလမ်းမကြီးပေါ်၌ တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားရှိပြီး အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး အတွက် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်ပေးခြင်းနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ငဝန်ပန်းတာ ရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြုရန် Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment