Wednesday, August 12, 2026

ရှမ်းယူနိုက်တက်အသင်း ပြည်ပကစားသမားသစ် ငါးဦး ခေါ်ယူ

 


ရန်ကုန် ဩဂုတ် ၁၁

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ခံစစ်၊ ကွင်းလယ်နှင့် တိုက်စစ် နေရာအသီးသီးတွင် အတွေ့အကြုံရှိ ပြည်ပကစားသမားသစ် ငါးဦးအထိ ခေါ်ယူကာ အသင်း၏အင်အားကို တိုးမြှင့်လိုက်ပြီဖြစ်သည်။

ထိုသို့ ပြည်ပကစားသမားသစ်များ ခေါ်ယူရာတွင် ဂါနာနိုင်ငံသားများဖြစ်ကြသည့် စတီဖင် အိုဝူဆူ ဘာနာဟီနီနှင့် အဲဗာရက်ဘိုတန်၊ ပြင်သစ်နိုင်ငံသား ရိုဒရီဂွက် နာနီတယ်လာမီယို၊ ရုရှားနိုင်ငံသား ဒန်နီလ် တိုကာရက်ဗ်နှင့် ဘရာဇီး အထောင်တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်တို့ကို အားဖြည့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အသက် (၃၁) နှစ်အရွယ် စတီဖင် အိုဝူဆူ ဘာနာဟီနီသည် ဂါနာပရီမီယားလိဂ်ကလပ် Ashanti Gold နှင့် Bibiani Gold Stars အသင်းတို့တွင် ကစားခဲ့သည့် အတွေ့အကြုံရင့်ကစားသမားတစ်ဦးဖြစ်ပြီး ခံစစ်နှင့် ဗဟိုကွင်းလယ်နေရာများတွင် ကျွမ်းကျင်စွာကစားနိုင်သူဖြစ်သည်။

အသက် (၂၃) နှစ်၊ အရပ် ၆ ပေ ၂ လက်မရှိ အဲဗာရက်ဘိုတန်သည် အမြင့်ဘောယှဉ်ပြိုင်မှုများတွင် အားသန်သည့် ဗဟိုခံစစ်ကစားသမားဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက MNL II ပြိုင်ပွဲတွင် Yangon City အသင်းနှင့်အတူ ပါဝင်ကစားခဲ့ဖူးသဖြင့် မြန်မာ့ဘောလုံးလောကနှင့် ရင်းနှီးပြီးသား ကစားသမားဖြစ်သည်။

ပြင်သစ်နိုင်ငံသား ဗဟိုခံစစ်ကစားသမား ရိုဒရီဂွက် နာနီတယ်လာမီယိုသည် ပြင်သစ်၊ စပိန်၊ စကော့တလန်၊ ဗီယက်နမ်နှင့် မလေးရှားအပါအဝင် ဥရောပနှင့် အာရှကလပ်များစွာတွင် လှည့်လည်ကစားခဲ့ဖူးသဖြင့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။

အသက် (၂၁) နှစ်အရွယ် လူငယ်တောင်ပံကစားသမား ဒန်နီလ် တိုကာရက်ဗ်သည် ဘယ်/ ညာ တောင်ပံနှစ်ဖက်စလုံးတွင် ကစားနိုင်သူဖြစ်သည်။ ၎င်းသည် Spartak Moscow ၊ FC Krasnodar ၊ FC Kuban နှင့် Torpedo Moscow စသည့် ရုရှားကလပ်များ၏ လူငယ်အကယ်ဒမီများတွင် လေ့ကျင့်ရေးဆင်းခဲ့သူဖြစ်သည်။

ဘရာဇီးအထောင်တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်သည် ဘရာဇီးနှင့် ပေါ်တူဂီကလပ်များအပြင် ထိုင်းလိဂ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

နေမျိုး ဓာတ်ပုံ-SUFC

No comments:

Post a Comment