Tuesday, August 18, 2026

ရေဘေးကာကွယ်ရေး တာတမံများ ဘေးကင်းလုံခြုံရေး ကွင်းဆင်းစစ်ဆေး

 



နေပြည်တော် ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းလက်ပံတန်းမြို့နယ် ကွမ်းသီးတစ်ပင်ကျေးရွာအုပ်စု စာနီစုကျေးရွာအနီးရှိ ဧရာဝတီအရှေ့ဘက်ကမ်းတာ တာမိုင် (၉/၀) ၌ ကမ်းရင်းတာ ကမ်းပါးရေတိုက်စားမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ကာကွယ်ထားရှိမှုနှင့် ပန်းတာကြံ့ခိုင်ရေးပြင်ဆင်ထားရှိမှု၊ ပန်းတာနောက်ဘက်ခြမ်း သဲအိတ်ထောက်ခြင်း၊ တာထိပ်မျက်နှာပြင် သဲအိတ်ထပ်ပိုးခြင်းဖြင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှု အခြေအနေတို့ကို ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် နေရာများတွင် ရေစိမ့်ထွက်မှုမရှိစေရေး Geo Textile စများဖြင့် ကြိုတင်ကာကွယ်ထားရှိရန်၊ အရေးပေါ်အခြေအနေ ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ကာကွယ်နိုင်ရေး အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေကင်းလှည့်တာဝန်များအား ၂၄ နာရီ မပြတ်စောင့်ကြည့်စစ်ဆေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဧရာဝတီအရှေ့ဘက်ကမ်းအဖျောက်တာ ကြံ့ခိုင်မှုအခြေအနေ၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ ရေကင်းစခန်းများနှင့် ရေကင်းလှည့်ဇယားများ၊ တာဝန်ချထားမှုအခြေအနေများ၊ ကမ်းစားမှုကာကွယ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အလားတူ ဩဂုတ် ၁၅ ရက်က ညောင်တုန်းမြို့နယ် ချောင်းကြီးရွာနှင့် ဂန်ချောင်းရွာအနီး ဧရာဝတီမြစ်ခွဲညောင်တုန်းကျွန်းတာ ကြံ့ခိုင်မှုအခြေအနေ၊ တာရှေ့ရေထိမျက်နှာပြင် လျှောစောက်မြေသားရေတိုက်စားမှုလျော့နည်းစေရေး ရေကာတန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မြစ်ရေထိတွေ့နိုင်သော ရှေ့အလျှောမြေသား လျှောစောက်အခြေမှ တုတ်တန်းရိုက်သဲအိတ်ချရေကာတန်းများ ပြုလုပ်၍ ထိရောက်စွာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေး တာတမံဘေးကင်းလုံခြုံရေးဆိုင်ရာ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment