Friday, August 28, 2026

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဩဂုတ် ၂၈

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတဦးညိုစောသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံဆွေးနွေးပွဲများနှင့် စီးပွားရေး ဖိုရမ်များကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြားသဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရလဒ်ကောင်းများရရှိခဲ့မှု၊ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံအကြားစီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင် အစရှိသည့်ကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေမှုနှင့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment