နေပြည်တော် ဩဂုတ် ၂၈
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ မန်မိုင်းကျေးရွာနှင့် မန်းကကျေးရွာကြား တရားမဝင်အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်သူများအား သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားသည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် ကဇက်စတန်နိုင်ငံသား အမျိုးသား ၁ ဦးတို့အား ဖုန်းမျိုးစုံ ၁၀ လုံးနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် နာလီကျေးရွာအနီး၌ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



No comments:
Post a Comment