ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၇ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတဦးဆောင်သည့် အဆင့်မြင့်ခရီးစဉ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေမည့် ခရီးစဉ်ဖြစ်သည်။
ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၇) နှစ်ပြည့်မြောက်ပြီးနောက် ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပထမဆုံးသွားရောက်သည့်ခရီးစဉ်ဖြစ်သည်။ ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ပြီးချိန်မှစ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် မိတ်ကောင်းဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ် တစိုက်မတ်မတ် ထိတွေ့ဆက်ဆံလာခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှစတင်၍ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလတွင်မူ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအထိ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည့်ကာလအတွင်း ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသည့် နိုင်ငံဖြစ်သော်လည်း မိတ်ရင်းဆွေရင်း ဆွေမျိုးရင်းချာ တရုတ်နိုင်ငံကဲ့သို့ပင် ကမ္ဘာ့ရေးရာမျက်နှာစာတွင် မားမားမတ်မတ် ရပ်တည်ပေးခဲ့သောနိုင်ငံဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ပြီးခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲအဖြစ်တက်ရောက်ခဲ့စဉ် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်ပြောကြားခဲ့သည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာကောင်းများစွာတွေ့မြင်ရကြောင်း ပြောကြားချက်နှင့်အညီ ယခုအခါ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နေပြီဖြစ်သည်။
ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတအဖြစ် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မိတ်ဖက်နိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံရေးအရှိန်အဟုန်ကို တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ပြီး အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် အဆင့်မြင့်ခရီးစဉ်များအဖြစ်သွားရောက်ခဲ့ပြီး ယခု ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိပြီး ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြမည်ဖြစ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့တက်ရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ရုရှား-မြန်မာ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို ပံ့ပိုးပေးနိုင်မည့် မူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဘူမိဗေဒဆိုင်ရာလေ့လာရှာဖွေမှု၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အဏုမြူစွမ်းအင်အသုံးပြုမှု၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်မှုများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ စက်မှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့်အားကစား၊ အလုပ်သမား၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသစူးစမ်းရှာဖွေရေးနှင့်အသုံးပြုရေး စသည့်နယ်ပယ် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီးဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံခရီးစဉ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေမည့် ခရီးစဉ်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment