Wednesday, August 19, 2026

အနာဂတ်တစ်လျှောက် အဓွန့်ရှည်တည်တံ့မည်


ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သြဂုတ် ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးရာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား တတိယအကြိမ် မြောက်တွေ့ဆုံမှုဖြစ်သည်။ 

မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းများဖြစ်ကြသည့် မြန်မာနှင့်ရုရှားနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပထမအကြိမ်တွေ့ဆုံမှုသည် ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တွင်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကာလကြာရှည်ပြီဖြစ်သည့် မိတ်ဖက်ဆက်ဆံရေးအပေါ် နှစ်ဖက်ခေါင်းဆောင်တို့က ထုတ်ဖော်ချီးကျူးခဲ့ကြသလို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများရှိနေသည့်အပေါ်တွင်လည်း အသိအမှတ်ပြုခဲ့ကြသည်။

ဒုတိယအကြိမ်တွေ့ဆုံမှုမှာ ယမန်နှစ်မတ်လဆန်းပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း မော်စကိုမြို့ ကရင်မလင်နန်းတော်၌ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးတို့ သီးခြားတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့် တွေ့ဆုံဆွေးနွေးမှုသည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်းကို နှစ်ဖက်ခေါင်းဆောင်တို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အဆိုပါခရီးစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီး တစ်နှစ်ကျော်ကာလအတွင်း တတိယအကြိမ်အဖြစ် နှစ်နိုင်ငံခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးမှုမှာ မိတ်ဆွေကောင်းမိတ်ဆွေဟောင်း နှစ်နိုင်ငံအကြား ပိုမို၍နီးကပ်လာမှုနှင့် ပိုမို၍ထူးခြားလေးနက်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ခရီးဦးကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ‘‘မြန်မာနိုင်ငံအနေဖြင့် ရုရှား-အာဆီယံအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်၍ရသည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း’’ ပြောကြားခဲ့မှုများမှာ မှတ်သားစရာပင် ဖြစ်သည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ‘‘မိမိတို့နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ အဆွေတော်နှင့် အသေးစိတ်ဆွေးနွေးနိုင်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးနယ်ပယ်များတွင်လည်း ပြောင်းလဲတိုးတက်လာပြီဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်နယ်ပယ်များလည်း များစွာကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုများစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း” ပြောကြားခဲ့မှုများက မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ နက်ရှိုင်းမှုကို ထင်ဟပ်နေစေသည်။

မြန်မာနှင့်ရုရှားသမ္မတနှစ်ဦးတို့၏ ဆွေးနွေးမှုအပြီး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနှင့် ဆက်လက်၍နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားတွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည့် နားလည်မှုစာချွန်လွှာများက နှစ်နိုင်ငံကြား ရှေ့ဆက်၍ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ်ကဏ္ဍများကိုပြသနေသည်။

ရုရှားနှင့်မြန်မာတို့မှာ ခရီးမိုင်ထောင်ချီကွာလှမ်းသည့် နိုင်ငံများဖြစ်ကြသော်လည်း အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်ခိုင်မြဲမှုတို့က လွန်စွာပင်နီးကပ်လှသည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းများအဖြစ် အနာဂတ်ကာလတစ်လျှောက် အဓွန့်ရှည်တည်တံ့မည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment