Thursday, August 13, 2026

မန္တလေးတိုင်းဒေသကြီးအတွင်း သာစည်နှင့် ပျော်ဘွယ်မြို့တို့တွင် ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်မည်

 


နေပြည်တော် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည်နှင့် ပျော်ဘွယ်မြို့တို့တွင် ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရထားလမ်းခုံးကျော်တံတား (သာစည်) သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့ ပြည်ထောင်စုလမ်းမကြီး (AH2) မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ် (၁၃/-) ကြားတွင် တည်ရှိ၍ ရန်ကုန် - မန္တလေး ရထားလမ်း (ပျော်ဘွယ်-သဲတော) အပိုင်း သာစည်ဘူတာရုံမရောက်မီ ပေ ၁၃၀၀ အကွာနှင့် မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် ကားလမ်းဆုံသည့် နေရာတွင် တည်ဆောက်ရန် လျာထားကြောင်းနှင့် ရထားလမ်းခုံးကျော် တံတား (ပျော်ဘွယ်) သည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့လယ်တွင် တည်ရှိပြီး ပြည်ထောင်စုလမ်းမကြီး (AH1) ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်အမှတ် (၂၈၅/-၂၈၆/) အကြားတွင် တည်ဆောက်ရန် လျာထားဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်မည့် နေရာတွင် ပဏာမတိုင်းတာလေ့လာမှုဆောင်ရွက်နေခြင်းကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ မှာကြားသည်။

အလားတူ ကျောက်ဆည်တက္ကသိုလ် သံကူကွန်ကရစ်နှစ်ထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ရှင်းလင်းဆောင်၌ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Myanmar National Building Code 2025 (MNBC) ကို ထုတ်ပြန်ထားပြီးဖြစ်၍ သတ်မှတ်ချက်များအတိုင်း လိုက်နာတည်ဆောက်ရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့များကလည်း အဆင့်လိုက် စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်စစ်ဆေးရန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည့်မီစွာ အသုံးပြုတည်ဆောက်ရန်နှင့် လုပ်ငန်းစီမံချက်အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားပြီး အဆောက်အအုံတည်ဆောက်နေမှုနှင့် Recreation Center အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်

No comments:

Post a Comment