Sunday, August 23, 2026

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၃၂၀ တန်ဖိုးနှင့် မူဆယ်မြို့၌ ငွေကျပ်သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

 


နေပြည်တော် ဩဂုတ် ၂၂

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်သိန်း ၃၂၀ တန်ဖိုးနှင့် မူဆယ်မြို့၌ ငွေကျပ်သိန်း ၁၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိပြစ်မှုကျူးလွန်သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် ည ၆ နာရီခွဲတွင် သတင်းအရ ပြင်ဦးလွင်မြို့နယ် ပင်လိန် (အရှေ့) ကျေးရွာအနီးတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၇) ရွာသစ်ကလေးနေ သန့်ဇင်ဦး (ခ) အငယ်ကောင် မောင်းနှင်လာသော JIALING SUPER CUB အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ပြင်ဦးလွင်မြို့နယ် ညောင်ပင်သာရွာနေ ဇေယျာလင်း (ခ) စိုင်းလုံ (၃၉) နှစ်ကို ပြင်ဦးလွင် မြို့နယ်ဝက်ဝံကျေးရွာအုပ်စု ညောင်ပင်သာရွာအနီးတွင် ZONSEN CYCLONE အမျိုးအစားဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိသဖြင့် သန့်ဇင်ဦး (ခ) အငယ်ကောင်နှင့် ဇေယျာလင်း (ခ) စိုင်းလုံတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

ထို့ပြင် ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် မြို့ရှောင်လမ်းတွင် ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာနေ မင်ရှုကိုင်း (၃၂) နှစ် မောင်းနှင်လာသော TOYOTA MARK II အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၈၀) ဖမ်းဆီးရမိသဖြင့် မင်ရှုကိုင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment