Friday, August 21, 2026

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နှင့် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း (၁၀၀) နှင့်အထက် ရှေးဟောင်း အဆောက်အအုံများအား ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်



မန္တလေး ဩဂုတ် ၂၀

နှစ်ပေါင်း (၁၀၀) နှင့် အထက် ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်အဆောက်အအုံတို့ကို ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့ တောင်သမန်အင်းရှိ နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်း ရှိသည့် ဦးပိန်တံတားတွင် ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ကမ္ပည်းမော်ကွန်းကြေးပြားကို ဖွင့်လှစ်ပေးပြီး ဦးပိန်တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

အေဒီ ၁၈၅၁ ခုနှစ်တွင် အင်းဝနန်းတော်နှင့် စစ်ကိုင်းနန်းတော်တို့မှ နန်းတော်တိုင်များ၊ သစ်များဖြင့် တောင်သမန်အင်းကိုဖြတ်၍ အမရပူရမြို့နှင့် တောင်သမန်ရွာကို ဆက်သွယ်တည်ဆောက်ထားသည့် ဦးပိန်တံတားကို အမရပူရမြို့ဝန် ဘိုင်ဆပ်၏တပည့် မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့ပြီး စတင်တည်ဆောက်ခဲ့စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အရှည် ၃၉၈၇ ပေရှိပြီး နားနေရန် ဇရပ် ခုနစ်ဆောင်တို့ဖြင့် တည်ဆောက်ခဲ့ရာ သက်တမ်း ၁၇၅ နှစ် ရှိပြီဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာ‌ရောက်လေ့လာအပန်းဖြေသည့်ထင်ရှားသောနေရာဖြစ်ပြီး ယခုကဲ့သို့ အထိမ်းအမှတ်ကမ္ပည်းကြေးပြား တပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ ခရီးသွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်က အထောက်အကူပြုလျက်ရှိသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီးစသည့် ရှေးဟောင်းအဆောက်အအုံများတွင် ရှေးဟောင်းမြို့ပြအမွေအနှစ် အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်းအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ်ရှိ သဇင်မြိုင်၊ ချယ်ရီမြိုင် အဆောက်အအုံနှင့် မြိုင်ကြီးအဆောက်အအုံတို့ကို ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ပေးသည်။

ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ရွှေနန်းထိုက်ဟိုတယ်တွင် တွေ့ဆုံပြီး ပြင်ဦးလွင်ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment