Sunday, August 16, 2026

လူငယ်စကားဝိုင်း ၂ဝ၂၆ သို့ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအပါအဝင် လူငယ် ၁၀၀၀ ကျော် တက်ရောက်



ရန်ကုန် ဩဂုတ် ၁၅

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ အတွေးအမြင်၊ အတွေ့အကြုံများကို ဖော်ထုတ်မျှဝေဖလှယ် နိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုရေးတာဝန် ယူမှုများကို မြှင့်တင်ပေးနိုင်ရန်နှင့် ပိုမိုစည်းလုံးညီညွတ်သည့် လူမှုအသိုက်အဝန်းတစ်ရပ်တည်ဆောက်ရန်၊ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးဖလှယ်ပြီး အတွေ့အကြုံ၊ အသိပညာ၊ အကြံဉာဏ်များကို အပြန်အလှန် မျှဝေနိုင်မည့် လူ့အဖွဲ့အစည်းအကျိုးပြု ဆွေးနွေးပွဲ ယဉ်ကျေးမှုတစ်ရပ် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် “လူငယ်စကားဝိုင်း ၂၀၂၆”ကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပရာ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအပါအဝင် လူငယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ သည်။

အဆိုပါ လူငယ်စကားဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ကျင်းပခြင်းဖြစ်ပြီး အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အတွေ့အကြုံရှိ သည့် ခေါင်းဆောင်များ၏ လက်တွေ့ဘဝအတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည့် နည်းလမ်းများနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်သည့် အကြောင်းအရာများကို လူငယ်များအနေဖြင့် လေ့လာသိရှိနိုင်မည်ဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁) လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ယနေ့စကားဝိုင်းသည် လူငယ်များ၏ ဗဟုသုတနှင့် အမြင်ကျယ်ပြန့်မှုကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ယနေ့ကာလသည် ကမ္ဘာ့နိုင်ငံများအနေဖြင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ၊ စီးပွားရေးပုံစံအသစ်များ နှင့်အတူ အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာသလို စိန်ခေါ်မှုအသစ်များလည်း ရင်ဆိုင်နေရသည့် ကာလဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ဖုံးကွယ်အခွင့်အလမ်းဟု ရှုမြင်သည့် ယနေ့ခေတ်လူငယ်များအနေ ဖြင့် သမားရိုးကျ ရိုးရာအလုပ်အကိုင်ပုံစံများမှ ကျော်လွန်ထိုးဖောက်သည့် စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းများကို အသုံးချပြီး ကိုယ်ပိုင်ဆန်းသစ်တီထွင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရေး ကြီးကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှု အားပေးကြသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အခမ်း အနားပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး အသင်း၏လုပ်ငန်းဆောင်ရွက်ချက် ဗီဒီယိုကို ကြည့်ရှုအားပေးခဲ့ကြကာ လူငယ်စကားဝိုင်း ၂၀၂၆ ကို စတင်ဆွေးနွေးခဲ့ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ရန်ကုန် အဝေးသင်တက္ကသိုလ် (YUDE)နှင့် မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း(MYDA)တို့ ပူးပေါင်းကျင်းပသည့် “Job – Ready Skills Workshop for Youth” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံတို့က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လူငယ်များ တစ်ဦးချင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အင်တာဗျူးနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေအသိပညာ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment