ကမ္ဘာပေါ်ရှိ တိုးတက်သည့်နိုင်ငံများသည် မိမိနိုင်ငံ၏ သမိုင်းမှတ်တမ်းများကို ခိုင်ခိုင်မာမာရေးထိုးထားကြသည်။ ခေတ်အဆက်ဆက် သမိုင်းကြောင်းများတည်တံ့ ထွန်းကားလာခဲ့မှုများကို မှတ်တမ်းတင်ထိန်းသိမ်းထားနိုင်ရန်နှင့် မျိုးဆက်သစ်များ ဆက်လက်လေ့လာမှတ်သားပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ မြင့်မားခိုင်ကျည်လာစေရန်အတွက် စာပေပညာရှင်များ၊ သုတေသီများက မွန်မြတ်သောစေတနာများဖြင့် ခေတ်အလိုက်မှတ်တမ်းတင်ထားခဲ့သည်။ အဆိုပါ သမိုင်းမှတ်တမ်းများကို မပျောက်ပျက်အောင်၊ အဓွန့်ရှည်တည်တံ့အောင် စောင့်ရှောက် ထိန်းသိမ်းမျှဝေပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
သက်တမ်းရှည်ကြာပြီး အလုံးစုံပြည့်ဝကုံလုံကြွယ်ဝသည့် တက္ကသိုလ်များစာကြည့်တိုက်နှင့်
အမျိုးသားစာကြည့်တိုက်ကြီးတို့ကို ယနေ့ထက်တိုင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး အသိပညာဗဟုသုတများ
မျှဝေပေးလျက်ရှိသည်။ ပေပုရပိုက်မှတ်တမ်းမှတ်ရာများနှင့် သုတရသစုံလင်ကြွယ်ဝသည့် စာအုပ်စာတမ်းများအပြင်
သမိုင်းကြောင်းအထောက်အထားဆိုင်ရာ စာနယ်ဇင်းမှတ်တမ်းများကို အစုံအလင်ထိန်းသိမ်းထားရှိသည်။
အဆိုပါမှတ်တမ်းမှတ်ရာများကို စာဆိုအကျော်ကဝိပညာရှင်များက ခိုင်ခိုင်မာမာမှတ်တမ်းတင်ခဲ့ပြီး
နိုင်ငံတော်က တည်ထောင်ပေးထားသည့် စာကြည့်တိုက်ကြီးများက မပျောက်ပျက်အောင် ထိန်းသိမ်းထားရှိကာ
နောင်လာနောက်သားများ လေ့လာဖတ်ရှုနိုင်အောင် ဆောင်ကြဉ်းပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်၏
သမိုင်းအမွေအနှစ်များကို အမျိုးသားပြတိုက်များက ပြည်သူများလေ့လာနိုင်ရန် ထိန်းသိမ်းထားရှိသည်။
အဆိုပါအစဉ်အလာကောင်းများကို မျက်မှောက်ကာလ စာဆိုများ၊ သုတေသီများ၊ စာကြည့်တိုက်များနှင့်
ပြတိုက်များက ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဇူလိုင် ၂၇ ရက်က အမျိုးသားစာကြည့်တိုက် (ရန်ကုန်)
နှင့် အမျိုးသားပြတိုက် (ရန်ကုန်) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် “အမျိုးသားပြတိုက်များအနေဖြင့်
နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေခြင်းပင်ဖြစ်ပြီး
မိမိတို့နိုင်ငံ၏ခိုင်မာမှုရှိသည့် သမိုင်းကြောင်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊
လာရောက်လေ့လာကြည့်ရှုသူများအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို
သိရှိနားလည်ကာ တန်ဖိုးထားလိုစိတ်၊ ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊
ခေတ်များအလိုက် သမိုင်း မှတ်တမ်းတင်ထားမှုများကို ခိုင်ခိုင်မာမာပြသသွားရန်လိုကြောင်း၊
သမိုင်းကြောင်းများကို တစ်ဆက်တစ်စပ်တည်း ကြည့်ရှုလေ့လာ၍ မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်
အစဉ်အလာကြီးမားသည့် အမျိုးဘာသာသာသနာယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်လာမည်ဖြစ်ကြောင်း”
ပြောကြားခဲ့သည်။
စာကြည့်တိုက်များနှင့်
ပြတိုက်များသည် နိုင်ငံတော်၏ အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းများနှင့် လူမှုအသိုက်အဝန်းဘဝများကို
ထင်ဟပ်ဖော်ညွှန်းပြသလျက် ရှိသည်။ သမိုင်းကြောင်းအထောက်အထားများသည် နိုင်ငံတော်၏ယဉ်ကျေးမှုတန်ဖိုး
များနှင့် ပုံရိပ်အမှန်များပင်ဖြစ်သည်။ သမိုင်းကြောင်းကို အထောက်အကူပြုသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့်
စာအုပ်စာပေ၊ မှတ်တမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းထားရှိကြရမည်ဖြစ်သည်။ အနှစ်သာရပြည့်ဝပြီး
အဆင့်အတန်းမြင့်မားသော ပြတိုက်များနှင့် စာကြည့်တိုက်များဖြစ်ရန်လိုသည်။ မြန်မာနိုင်ငံ၏
သမိုင်းကြောင်းများကို ပြည့်ပြည့်စုံစုံလေ့လာကြည့်ရှုနိုင်ခြင်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်များ
ရှင်သန်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်များ ပိုမိုတိုးတက်ခိုင်မာလာမည်ဖြစ်သည်။
စာကြည့်တိုက်များနှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအတွက် အထောက်အကူပြုမည့်
စာကြည့်တိုက်များ ဖြစ်ရန်လိုသည်။
မြန်မာနိုင်ငံအနေဖြင့်
ပညာရေးကဏ္ဍအားနည်းချက်များရှိနေသဖြင့် ကျောင်းပြင်ပပညာရေးအထောက်အကူပြုသည့်အရာများသည်
စာကြည့်တိုက်များနှင့် ပြတိုက်များဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၌ ဖတ်ရှုလေ့လာမှုအားနည်းလျက်ရှိသဖြင့်
လူငယ်လူရွယ်များ အသိအမြင်ဗဟုသုတများ ရယူလိုစိတ်နှင့် လေ့လာဆည်းပူးနိုင်မည့် အခွင့်အလမ်းများကို
ဖန်တီးဖော်ဆောင်ပေးကြရမည်ဖြစ်သည်။ ခေတ်ကာလအရ တိုးတက်ပြောင်းလဲလာမှုများနှင့်အညီ အွန်လိုင်းမှတစ်ဆင့်လည်း
လေ့လာဆည်းပူးနိုင်အောင် ဖန်တီးပေးနိုင်ပေသည်။ ဒေသအလိုက်တွင် ထင်ရှားသော သမိုင်းဝင်စာကြည့်တိုက်များ၊
ပြတိုက်များရှိသော်လည်း ထိန်းသိမ်းစောင့်ရှောက်ပံ့ပိုးကူညီမှုအပိုင်း၌ အားနည်းလျက်ရှိသဖြင့်
အဆိုပါအမွေအနှစ်များ တိမ်မြုပ်လျက်ရှိသည်ကို တွေ့ရသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်
စေတနာရှင်များက ဝိုင်းဝန်းဖြည့်ဆည်းပေးနိုင်ရန်လိုသည်။
သို့ဖြစ်ရာ နိုင်ငံသမိုင်းကြောင်းနှင့်
စာပေယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများကို နှောင်းလူတို့က ဖော်ထုတ်ထိန်းသိမ်းတည်ဆောက်ပေးလျက်ရှိသည့်နည်းတူ
မျက်မှောက်ကာလလူငယ်များကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးရမည်ဖြစ်သည်။
နိုင်ငံ့သမိုင်းကြောင်းနှင့် စာပေယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုး၏
အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်ခိုင်ကျည်မြင့်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသဖြင့်
စာကြည့်တိုက်များနှင့် ပြတိုက်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ဆောင်ရွက်သွားကြရန်
တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment