Saturday, August 1, 2026

ဥပဒေပြုရေးတာဝန် ကျေပွန်စွာဆောင်ရွက်

 


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးသည့်နောက် လက်ရှိကာလသည် တတိယမြောက် ဒီမိုကရေစီအစိုးရနှင့် တတိယအကြိမ် လွှတ်တော်သက်တမ်းကာလ ဖြစ်သည်။ ပြီးခဲ့သည့် ပထမနှင့် ဒုတိယသက်တမ်းနှစ်ရပ်ကာလများအတွင်း အစိုးရများနှင့် လွှတ်တော်များ၏ အားသာချက်များနှင့် အားနည်းချက်များကို အစွဲကင်းကင်းဖြင့် ရှုမြင်သုံးသပ်လျှင် သင်ခန်းစာယူဖွယ်များ တွေ့မြင်နိုင်ပြီး မိမိတို့အနေဖြင့် အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

နိုင်ငံတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းထားသည့် အာဏာများကို စွဲကိုင်ကျင့်သုံးကာ မိမိတို့၏ ရည်မှန်းချက်တာဝန်များကိုဖော်ဆောင်နေကြခြင်းဖြစ်ပြီး မဏ္ဍိုင်ကြီးသုံးရပ်အကြား အချုပ် အခြာအာဏာကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြု၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဦးတည်ဆောင်ရွက်နေကြခြင်းလည်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအဆင့်ဟူ၍ အာဏာခွဲဝေကျင့်သုံးရာတွင် ဒေါင်လိုက်အာဏာခွဲဝေမှု (Vertical Division of Powers) အရ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိသည့် လွတ်လပ်သည့် လွှတ်တော်များဖြစ်ကြသည်။ ဇယား ၂ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတွင် ကဏ္ဍရှစ်ခုပါရှိရာ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍတွင် စာရင်း ၁၁ ခု၊ စီးပွားရေးကဏ္ဍတွင် စာရင်းသုံးခု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် စာရင်းခုနစ်ခု၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍတွင် စာရင်းငါးခု၊ စက်မှုလက်မှုကဏ္ဍတွင် စာရင်းနှစ်ခု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် စာရင်း သုံးခု၊ လူမှုရေးကဏ္ဍတွင် စာရင်းခုနစ်ခု၊ စီမံခန့်ခွဲရေးကဏ္ဍတွင် စာရင်း သုံးခု စုစုပေါင်း ဥပဒေပြုစာရင်း ၄၁ ခုရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် အထက်တွင် ဖော်ပြခဲ့သည့် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။ ဥပဒေပြုရာတွင် တိုင်းဒေသကြီး / ပြည်နယ် အဆင့် အဖွဲ့အစည်းများသည် မိမိတို့စီမံခန့်ခွဲသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းသော ဥပဒေကြမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သည် ဒေသန္တရစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်) နှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ကျန်ကိစ္စရပ်များနှင့်စပ်လျဉ်းသော ဥပဒေကြမ်းများကိုလည်းကောင်း သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြသည်။

ဇူလိုင် ၃၀ ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် “လွှတ်တော်၏ အဓိကအကျဆုံးနှင့် အခြေခံအကျဆုံး လုပ်ငန်းတာဝန်ကြီးမှာ ‘ဥပဒေပြုရေးလုပ်ငန်း’သာဖြစ် ကြောင်း၊ ပထမနှင့်ဒုတိယ လွှတ်တော်သက်တမ်းများတွင်လည်း ဇယား ၂ ပါ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များမှ ပြဋ္ဌာန်းရမည့် ဥပဒေများ၊ နည်းဥပဒေများ နည်းပါးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိမည့် ကိစ္စရပ်များကို လေ့လာပြီး ဥပဒေများကို ဆက်လက်ပြဋ္ဌာန်းသွားရန် လိုအပ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့သည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များမှ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းမှု နည်းပါးနေခြင်းနှင့်စပ်လျဉ်း၍ ပညာရှင်များ၏ ထောက်ပြပြောကြားမှုများလည်းရှိခဲ့ရာ ဒေသအလိုက် အကျိုးစီးပွား၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် လိုအပ်သည့် ကိစ္စရပ်များကို လေ့လာကာ ဥပဒေများ ပြဋ္ဌာန်းသွားနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် မူလအတိုင်း ထားရှိသင့်သည့်ဥပဒေတို့ကို မူလအတိုင်းဆက်လက်ထားရှိခြင်း၊ ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းရန် လိုအပ်သည့် ဥပဒေများကို ရုပ်သိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် ဥပဒေများနှင့် ပကတိအခြေအနေတို့အပေါ် မပြတ်လေ့လာသုံးသပ် စိစစ်နေရန်လည်း လိုအပ်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် လွှတ်တော်များ၏ ဥပဒေပြုရေးမဏ္ဍိုင်တို့ အပြန်အလှန် ထိန်းကျောင်းတည့်မတ်၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူတို့၏ အကျိုးစီးပွားကို အရှိန်အဟုန်မြင့်မားစွာ မြှင့်တင်နိုင်ပါစေကြောင်း။ ။

No comments:

Post a Comment