နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
ဂုဏ်ပြုကြိုဆို
ဦးစွာ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည်
လာအိုသမ္မတအိမ်တော်သို့ သွားရောက်ကြရာ သမ္မတအိမ်တော်အဝင်လမ်းတစ်လျှောက်၌
လာအိုကင်းထောက် လူငယ်မောင်မယ်လေးများက နှစ်နိုင်ငံအလံများကိုင်ဆောင်ဝှေ့ယမ်း၍
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်
လာအိုသမ္မတအိမ်တော်သို့ ရောက်ရှိကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ
မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ်နားလီဆီစုလိတို့က
ခင်မင်ရင်းနှီးစွာဖြင့် ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံသမ္မတတို့သည် အလေးပြုခံစင်မြင့်
ထက်တွင်နေရာယူကြပြီး နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် လာအိုနိုင်ငံသမ္မတ၏ ဇနီးတို့က
အလေးပြုခံစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူကြသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့်
တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူကြပြီး လာအိုပြည်သူ့တပ်မတော် (ကြည်း၊ ရေ၊ လေ)
ဂုဏ်ပြုတပ်ဖွဲ့အလံကို ဦးညွှတ်အလေးပြု၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကို
အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးနှစ်ဦးတို့သည်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှစ်ဦးသည် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်မည့် ခန်းမဆောင်သို့
အတူတကွထွက်ခွာကြသည်။
တွေ့ဆုံဆွေးနွေး
ဆက်လက်၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့သည်
နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့
တွေ့ဆုံဆွေးနွေးစဉ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲစွာဖြင့် ကြိုဆိုပါကြောင်း၊
အဆွေတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်စဉ်အတွင်းမှာ နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး
နှစ်နိုင်ငံဆက်ဆံမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ယခုခရီးစဉ်သည် သံတမန်ရေးရာအရသာမက စီးပွားရေးရာအရ ပူးပေါင်းဆောင်ရွက်ရေးတို့တွင်ပါ
ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ မိမိအနေဖြင့်
သမ္မတတာဝန်ထမ်းဆောင်ချိန်တွင် ရှိရင်းစွဲအစဉ်အလာရှိသည့်
နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို
ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင်
မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက်
လာအိုနိုင်ငံကို ပထမဆုံးနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်နိုင်ခဲ့သည့်အတွက်
ဝမ်းမြောက်မိပါကြောင်းနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးလာရောက်ရန် အဆွေတော်၏
ဖိတ်ကြားခဲ့မှုအပေါ်လည်း မိမိအနေဖြင့် တန်ဖိုးထားပါကြောင်း၊
မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုများနှင့်
နွေးထွေးစွာဧည့်ဝတ်ပြုမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
ယမန်နှစ်က
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့်
ရာနှုန်းပြည့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အပေါင်း ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့စဉ်ကလည်း
အဆွေတော်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို အမှတ်ရလျက်ရှိပါကြောင်းနှင့် ယခုကဲ့သို့
ထပ်မံတွေ့ဆုံရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ်
ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခန်းအနားသို့ လာအိုနိုင်ငံမှ အထူးကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး
အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးအပ်ခဲ့မှုအပေါ်လည်း
ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီကာလက လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေး၏ မြန်မာနိုင်ငံခရီးစဉ်သည်လည်း
မိမိတို့အစိုးရအပေါ် အလေးအနက်ထားမှုနှင့် လာအိုနိုင်ငံ၏ ထောက်ခံရပ်တည်ပေးမှုကို
ပြသပေးသည့် ခရီးစဉ်ဖြစ်သဖြင့်များစွာ တန်ဖိုးထားပါကြောင်း၊ ယခုခရီးစဉ်သည်
နှစ်နိုင်ငံအကြား ရှိရင်းစွဲအစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို
ပိုမိုခိုင်မာစေပြီး မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
မိမိတို့
နှစ်နိုင်ငံသည် သံတမန်ဆက်ဆံမှုနှစ် (၇၀) ကျော်ရှိပြီဆိုသော်လည်း
ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီး ဆက်ဆံခဲ့သည့်
နိုင်ငံများဖြစ်ပါကြောင်း၊ နှစ်ဘက်နိုင်ငံနယ်စပ်နေပြည်သူများသည်လည်း
ခွဲခြား၍မရပါကြောင်း၊ မြန်မာနိုင်ငံရှမ်းဘာသာစကားနှင့် “ပီနောင့်ကန်”၊
လာအိုစကားဖြင့် “ဖီနွန်းကန်” ဖြစ်ကြပါကြောင်း၊ မိမိအနေဖြင့်
၂၀၀၅ ခုနှစ်မှစပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသတွင် တာဝန်ယူကတည်းက
နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအားကောင်းစေရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊
ယနေ့ထက်တိုင် အဆိုပါစိတ်ဓာတ်အတိုင်းရှိနေသည်ကို အဆွေတော်ကို ပြောကြားလိုပါကြောင်း၊
ယခုအချိန်သည် မိမိတို့နှစ်နိုင်ငံတွင် ရွေးကောက်ပွဲများ အသီးသီးကျင်းပပြီးနောက်
အစိုးရသစ်များ ဖွဲ့စည်းပြီးသည့် အချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့်
မိမိတို့အစိုးရသစ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍသစ်တစ်ရပ်
ဖွင့်လှစ်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိသည့် အရေးကြီးသည့်အချိန်အခါလည်းဖြစ်ပါကြောင်း
ဆွေးနွေးပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏
နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင်
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
ကျင်းပပြုလုပ်နိုင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံအုတ်မြစ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး NCA လမ်းကြောင်းအတိုင်း
ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အစိုးရသစ်တာဝန်ယူပြီး ရက်ပေါင်း (၁၀၀)
အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို
ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်လာနိုင်ရန်နှင့် PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ထားရှိမှုအခြေအနေများ၊
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အိမ်နီးချင်းနိုင်ငံများသာမက
အခြားနိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက်ချစ်ကြည်ရေးကို
အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ဆွေးနွေးပြောကြားရာတွင်
အဆွေတော်ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို
တိုးတက်အောင် အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့်
နှစ်နိုင်ငံဆက်ဆံမှုများ တိုးတက်စေရေးအမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မိမိတို့နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံသမိုင်းကြောင်းများ တူညီမှုရှိပြီး
အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် တစ်ပြိုင်တည်းတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့်
ပိုမိုချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသည်
လာအိုနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံးမိတ်ဆွေ နိုင်ငံဖြစ်သည့်အတွက်
မြန်မာနိုင်ငံနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြဲထောက်ခံအားပေးလျက်ရှိပါကြောင်း၊
မိမိတို့နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့်
ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင်သာမက ကမ္ဘာ့နိုင်ငံများအလယ်တွင်ပါ ကောင်းမွန်သည့်
ပြယုဂ်တစ်ခုအဖြစ် ရောက်ရှိအောင်မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊
အဆွေတော်အနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့
ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ပြီးချိန်တွင် မိမိတို့လာအိုနိုင်ငံသို့
နိုင်ငံတော်အဆင့်ခရီးစဉ်လာရောက်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ
သံတမန်ရေးအရ ပိုမိုအဓိပ္ပာယ်ရှိသည့် ခရီးစဉ်ဖြစ်သည်ဟုရှုမြင်ပါကြောင်း။
အဆွေတော်သမ္မတကြီး
ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများရရှိသွားမည်ဟု
ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို
အာဆီယံပဋိညာဉ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့်
အာဆီယံနှင့်ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့်
မိမိတို့နိုင်ငံအနေဖြင့်လည်း တတ်စွမ်းသည့်ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ်
အမြဲရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့လာအိုနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံနှင့်မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံအဖြစ်
ထူထောင်သွားလိုပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို
ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့်
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်လိုမှုအပေါ်
မိမိအနေဖြင့် အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်တို့သည်
နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ပြီး
နှစ်နိုင်ငံအကြား နိုင်ငံခေါင်းဆောင်များ အဆက်ဆက်တွင် အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုများရှိကြပြီး
အပြန်အလှန်နားလည်ယုံကြည်မှုများရှိခဲ့သည့် မိတ်ဆွေနိုင်ငံများဖြစ်မှု အခြေအနေများ၊
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းနှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းတို့ကို
ဖွဲ့စည်းထူထောင်ထားပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြှင့်တင်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊
မြန်မာ-လာအိုချစ်ကြည်ရေးတံတားမှတစ်ဆင့် ကူးသန်းရောင်းဝယ်ရေးနှင့်
နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူးဆက်ဆံရေး
တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊
ကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများဖွံ့ဖြိုး
တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသရှိပြည်သူများ ဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့်
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊
အွန်လိုင်းလောင်းကစားမှုလုပ်ငန်း ပပျောက်စေရေးအတွက် နှိမ်နင်းလျက်ရှိမှု၊
အွန်လိုင်းလောင်းကစားမှုနှင့် ပတ်သက်သည့် သိမ်းဆည်းရမိပစ္စည်းများ
စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို
ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်
မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်
အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
နားလည်မှုစာချွန်လွှာများ
အပြန်အလှန်လဲလှယ်
တွေ့ဆုံပွဲအပြီးတွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ
လဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့်
ခရီးသွားလာရေးဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
နားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်နှင့်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော်ဗီယင်ကျန်းမြို့တို့အကြား
ညီအစ်မမြို့တော်များတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံမှ
သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်
သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်တို့၏ ရှေ့မှောက်၌ လဲလှယ်ကြသည်။
ယင်းနောက်
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ
ပေးအပ်လှူဒါန်းသည့် မြန်မာနိုင်ငံထုတ်ဗေဒါဆိပ်သတ်ဆေးအလုံး (၆၄၀) အား
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပေးအပ်လှူဒါန်းရာ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
လက်ခံရယူသည်။
လက်မှတ်ရေးထိုးပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံတာဝန်ရှိသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လာအိုသမ္မတအိမ်တော်မှ
ပြန်လည်ထွက်ခွာရာ လာအိုပြည်သူ့သမ္မတနိုင်ငံသမ္မတက ခင်မင်ရင်းနှီးစွာဖြင့်
လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment