နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား
ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်
ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက
လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊
လာအိုနိုင်ငံဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခြင်းနှင့်
ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်၍
နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များတိုးမြှင့်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည့်အပြင် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့်
အဆောက်အဦများ၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့်
အထူးလေယာဉ်သည် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၁၅
မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ
လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး (Minister in Attendance) မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေးနှင့် ဇနီး ဦးဆောင်သည့်
လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
ဦးအောင်ကိုနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်
ရာဇာထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများကလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ ကြိုဆိုစဉ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများအား
ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍လည်းကောင်း၊ လာအိုကလေးငယ်နှစ်ဦးတို့က
ဂုဏ်ပြုပန်းစည်းကမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လေဆိပ်မှပြန်လည်ထွက်ခွာကြရာ လမ်းဘေးဝဲယာ၌
လာအိုနိုင်ငံ ကင်းထောက်လူငယ်မောင်မယ်လေးများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍ နိုင်ငံတော်သမ္မတနှင့်
ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခရီးဦးကြိုဆိုခဲ့ကြကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment